အိုက်ပွီး၊ သြဂုတ် ၂၁ ရက်၊ ဟားခါး
ချင်းပြည်နယ် ဟားခါးမြို့ ပြည်တော်သာရပ်ကွက် နာရီစင်အနီးမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ချင်းအမျိုးသားတစ်ဦး သေဆုံးပြီး ကျောင်းသူနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။
မနေ့ သြဂုတ် ၂၀ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်က လမ်းသွားလမ်းလာ ဆိုင်ကယ်၊ ယာဉ်တွေ စစ်ဆေးစဉ် အစစ်ဆေးမခံဘဲ မောင်းထွက်သွားတာကြောင့် ပစ်ခတ်ခံရတာဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့တာပါ။
“အပစ်ခံရတဲ့ အမျိုးသားက ဝမ်းဗိုက်မှာ ကျည်နှစ်ချက် ထိတယ်။ လူ လဲကျသွားပြီးနောက်လည်း စစ်သားတွေ၊ ရဲတွေ ဝိုင်းရိုက်နှက်သေးတယ်။ ဆေးရုံရောက်တော့ ည ၉ နာရီလောက်မှာ ဆုံးသွားတယ်။ ကျောင်းသူနှစ်ဦးလည်း ခြေထောက်မှာ ဒဏ်ရာ ရတယ်။ ဆေးကုသမှု ခံယူနေရပေမဲ့ ဆေးရုံတော့ မတက်ရဘူး” လို့ ဖြစ်စဉ်သိရှိသူ ဟားခါးမြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
သေဆုံးသူဟာ ထန်တလန်မြို့နယ် Tisen ကျေးရွာက Salai Sang Khia လို့ သိရပြီး သူဟာ အလုပ်ကိစ္စတစ်ခုနဲ့ ဟားခါးမြို့ကို လာရောက်တာ ဖြစ်ပါတယ်။
အလောင်းကို မနေ့ညအထိ ထုတ်ယူလို့ မရသေးဘဲ အလောင်းကို ထုတ်ယူရင် ဇာတိရွာဘက် သယ်ဆောင်သွားပြီး ရွာမှာ သဂြိုလ်သွားမယ်လို့ မိသားစုဝင်က ပြောပါတယ်။
မနေ့က ပစ်ခတ်မှု ဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ မြို့ကင်း ပတ်ပြီး လုံခြုံရေး တင်းကြပ်ထားပါတယ်။
လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲ နီးလာတာကြောင့် ဟားခါးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ လုံခြုံရေး တင်းကြပ်ထားပြီး စစ်ဆေးမှု ပိုမိုလုပ်ဆောင်လာကာ လူငယ်တွေကို ဖမ်းဆီးနေပါတယ်။
“ရွေးကောက်ပွဲ နီးလာလို့ အစစ်အဆေး ပိုကြမ်းလာတယ်။ မြို့ အဝင်အထွက် ဂိတ်မှာလည်း အရမ်းစစ်တယ်။ စစ်သားတွေ ဝင်ခွင့်ပြုမှ မြို့ထဲ ဝင်လို့ရတယ်။ ခွင့်မပြုရင် ဝင်မရဘူး။ ညဘက်လည်း ကားတွေနဲ့ နာရီခြား ကင်းလှည့်တယ်။ နေ့ခင်းဘက်လည်း မြို့ထဲ ဆိုင်ကယ်တွေ စစ်တယ်။ လူငယ်တွေ ဖမ်းဆီးတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ပထမအပတ်က ဟားခါးမြို့မှာ လူငယ် ၃၀ ကျော်ထက်မနည်း ဖမ်းဆီးခံရပြီး အနည်းစုဟာ ပြန်လွှတ်ပေမဲ့ အများစုကတော့ ပြန်မလွှတ်လာကြသေးပါဘူး။
ချင်းပြည်နယ်ရှိ မြို့နယ်အားလုံးမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ စစ်ကောင်စီက ကြေညာထားပေမဲ့ အပိုင်း ၁ အနေနဲ့ ဟားခါး၊ တီးတိန်မြို့မှာသာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ မနေ့ သြဂုတ် ၂၀ ရက်က ထုတ်ပြန်ထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။