လွေးလာဝ်ဇာရ်၊ ဒီဇင်ဘာ ၁၂ ရက်၊ ကောလင်း
စစ်ကိုင်းတိုင်း ကောလင်းအရှေ့ခြမ်းက ကန်ပေါက်တာရွာနဲ့ တံဇူးရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
မနေ့ ဒီဇင်ဘာလ ၁၁ ရက် ည ၉ နာရီခွဲနဲ့ ၁၁ နာရီမှာ ကောလင်းအရှေ့ခြမ်းက ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ နှစ်ကြိမ် လာရောက် ဗုံးကြဲချ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ကောလင်းမှ ဖြစ်စဉ်သိရှိသူတစ်ဦးက “ည ၉ နာရီခွဲတစ်ခါနဲ့ ၁၁ နာရီတစ်ခါ လာရောက်ကြဲချခဲ့တယ်။ ကန်ပေါက်တာရွာနဲ့ တံဇူးရွာမှာ ကြဲသွားတာ။ လောလောဆယ်က တစ်ဦးသေတယ်။ ၂ ဦး ဒဏ်ရာရတယ်” လို့ ပြောပါတယ်။
အဲဒီဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ဒေသခံ အမျိုးသမီး ၁ ဦး သေဆုံးပြီး အသက် ၃၅ နှစ်အရွယ် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရသွားတာ ဖြစ်ပါတယ်။
လူထိခိုက်တာအပြင် နေအိမ်တွေလည်း ထိမှန်ပျက်စီးတာတွေ ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၀ ရက်တုန်းကလည်း ကောလင်းမြို့နယ် ခံသာနဲ့ စွယ်ရရွာကို စစ်ကောင်စီတပ်က Y-12 လေယာဉ်နဲ့ ဗုံးသီး ၃၀ ကျော် တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၅ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။