ပို့လဘား၊ ဩဂုတ် ၁၈ ရက်၊ မိုးကုတ်
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့အနောက်ပိုင်းကို စစ်တပ်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒီနေ့ ဩဂုတ် ၁၈ ရက် နေ့လယ် ၃ နာရီကျော်မှာ မိုးကုတ်မြို့အနောက်ပိုင်းရှိ ကျပ်ပြင် နာရီစင်အနီးမှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
ဒေသခံ အမျိုးသားတစ်ဦးက “မိုးကုတ်အနောက်ပိုင်း ကျပ်ပြင်ဘက်မှာ ဗုံးကြဲသွားတယ်။ ကျပ်ပြင်နာရီစင်အနီးက သီလရှင်ကျောင်းဘက်ထင်တယ်။ ၁ ယောက် ထိတယ်” လို့ ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အချက်အလက် အသေးစိတ်ကို ရွှေဖီမြေက ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
အလားတူ ဒီနေ့မနက် ၈ နာရီခွဲမှာလည်း သီပေါမြို့ထဲ စစ်တပ်က ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၉ လုံး ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် မနေ့ ဩဂုတ် ၁၇ ရက် မနက် ၉ နာရီခန့်ကလည်း မိုးကုတ်မြို့အရှေ့ပိုင်းကို ဗုံးကြဲတိုက်ခိုက်လို့ ကလေး ၁ ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့သလို ဩဂုတ် ၁၄ ရက်မှာလည်း မိုးကုတ်မြို့အရှေ့ပိုင်း ရွာသစ်နဲ့ ရွှေကူကြားမှာရှိတဲ့ ငါးပတ်တောင်မှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၂၁ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၀ ဦး ရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။