မိုင်းရူပ၊ အောက်တိုဘာ ၁ ရက်၊ မိုးကုတ်
တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ် ရေထွက်ကြီးကျေးရွာကို စစ်ကောင်စီတပ်က ဒီနေ့ အောက်တိုဘာ ၁ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“ရေထွက်ကြီးဘက်ကို လာကြဲသွားတယ်။ ဒဏ်ရာရသူက အမျိုးသားလို့ သိရတယ်” ဟု မြေပြင်အခြေအနေသိရှိသူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ရွှေဖီမြေရရှိထားတဲ့ စာရင်းအရ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၁ ဦး ရှိတယ်လို့ ကနဦးသိရပြီး အသေးစိတ်အချက်အလက်ကို ဆက်လက် စုံစမ်းနေဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်မှာလည်း ကျောက်မဲမြို့နယ် ပန်ကွမ်အုပ်စု ပန်သပြေရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
ကျောက်မဲမြို့အနီးနဲ့ နောင်ချို – မိုးကုတ်လမ်းပိုင်းမှာတော့ စစ်ကောင်စီနဲ့ TNLA အကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်လျက်ရှိနေပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။