ယာရူစိင်၊ မေလ ၂၂ ရက်၊ မုဒုံ
မွန်ပြည်နယ် မုဒုံမြို့နယ် ရောင်းဒေါင်းကျေးရွာအနီးရှိ စစ်ကောင်စီရဲ့ အမြှောက်တပ်(၃၁၈)ကို မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင် တိုက်ဖျက်ရေး NMSP-AD)က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း မနေ့ မေလ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
မော်လမြိုင်-သံဖြူဇရပ်လမ်းမကြီးပေါ် ရှိ ရောင်းဒေါင်းကျေးရွာအနီးမှာ စစ်ကောင်စီတပ် တပ်စွဲထားတဲ့ အမြောက်တပ်(၃၁၈)ကို NMSP-AD မုဒုံမြို့နယ်တပ်က ပြီးခဲ့တဲ့ မေလ ၂၀ ရက် နေ့လယ်ပိုင်းအချိန်မှာ ဝင်ရောက်တိုက်ခဲ့တာလို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“နှစ်ဖက်ရင်ဆိုင်တိုက်ပွဲက နာရီဝက်ခန့်လောက် ဖြစ်ပွားခဲ့ပါတယ်။ ရန်သူ စကစ ဘက်မှ (၁)ဦးသေဆုံးကာ (၅)ဦး ဒဏ်ရာရရှိတယ်လို့ ကနဦးသတင်းသိရပါတယ်”
တိုက်ပွဲအတွင်းမှာ NMSP-AD ဘက် ရဲဘော် ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အထက်ပါ စစ်ရေးသတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၀ ရက်က တိုက်ပွဲဖြစ်ပွါးချိန်မှာတော့ မော်လမြိုင်-သံဖြူဇရပ်လမ်းမကြီးမှာ ယာဉ်ဖြတ်သန်းသွားလာမှုကို ယာယီရပ်နားခဲ့ရတယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။