မိုင်းရူပ၊ ဇူလိုင် ၂၉ ရက်၊ ပင်းတယ
ရေးကြီးရေလျှံမှုကြောင့် ရှမ်းတောင် ပင်းတယမြို့နယ် သိန်ကုန်းကျေးရွာအုပ်စု ကုန်းစောင်းနဲ့ အုံအက်ကျေးရွာမှာ သေဆုံးသူ ၈ ဦးနဲ့ ဒဏ်ရာရသူ ၁ ဦးအထိ ရှိလာတယ်လို့ ရေဘေးသင့်တဲ့ပြည်သူတွေကို ကူ အကူအညီပေးနေသူတွေဆီက သိရပါတယ်။
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကုန်းစောင်းကျေးရွာမှာ ကလေးငယ် ၃ ဦး၊ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၄ ဦးသေဆုံးပြီး အုံအက်ကျေးရွာမှာ အမျိုးသမီးတစ်ဦးရေထဲမျှောပါပြီး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကုန်းစောင်းနဲ့ အုံအက်ကျေးရွာမှာ နေအိမ်ပေါင်း ၁၅ လုံးထက်မနည်းရေထဲမျှောပါပျက်စီးခဲ့ပြီး လက်ရှိမှာ ရေဘေးသင့်သူ ၃၀၀ နီးပါးရှိနေပါတယ်။
“ရေကတော့ နည်းနည်းကျလာပြီ။ ချောင်းရေက ကုန်းစောင်းရွာကို နှစ်ခြမ်းခွဲသွားတာ။ အစားသောက်ကတော့ ဟင်းချက်ဖို့ ပဲ၊ ကြာဆံ ၊ ဆီသွပ်ဘူး ၊ကြက်ဥကို လိုအပ်ပါတယ်” လို့ အကူအညီပေးနေသူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ရေဘေးသင့်ပြည်သူတွေဟာ သိမ်ကုန်းဘုန်ကြီးကျောင်းနဲ့ နီးစပ်ရာနေရာတွေမှာ ခိုလှုံနေကြရတယ်လို့ သူကဆက်ပြောပါတယ်။
မနေ့ ဇူလိုင် ၂၈ ရက်မနက်ကစပြီး ပင်းတယမြို့နယ်မှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့ပြီး လူထိခိုက်သေဆုံးခဲ့တဲ့အပြင် လမ်း၊ တံတားတွေလည်း ကျိုးကျပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် ဒီရက်ပိုင်းအတွင်း ရှမ်းတောင် ကလော၊ အောင်ပန်း၊ ရှမ်းအရှေ့ တာချီလိတ်မြို့မှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းရေတွေတက်လာပြီး ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့ကာ နေအိမ် ပျက်စီးတာတွေ ရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။