မိုင်းအရှိုင်း၊ မေလ ၈ ရက်၊ ကျုံဒိုး
ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ နွားခြံကျေးရွာဘက်ကို ထိုးစစ်ဆင်လာခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးစိုးမင်းထက်အပါအဝင် တပ်သား ၃၀ ခန့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဟာ ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်က ဖြစ်ပွါးခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ တနင်္သာရီတိုင်း ကမ်းရိုးတန်း စစ်ဌာနချုပ် လက်အောက်ခံတပ်၊ တပ်မ ၂၂၊ တပ်မ ၄၄ လက်အောက်ခံတပ် ပူးပေါင်းအင်အား ၅၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းနဲ့ ထိုးစစ်ဆင်လာခဲ့တာဖြစ်သလို ကျဆုံးသွားတဲ့ ဗိုလ်မှူးစိုးမင်းထက်က ခမရ(ခြေမြန်တပ်ရင်း) ၄၃၂ ရဲ့ ဒု-တပ်ရင်းမှူးဖြစ်ပါတယ်။
အဲဒီစစ်ကြောင်းကို မွန်ပြည်လွတ်မြောက်ရေးတပ်တော်- MLA နဲ့ ပူးပေါင်းတပ်များဖြစ်ကြတဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) – NMSP-AD ၊ Lion Battalion နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA ပူးပေါင်းတပ်တို့က တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
MLA ရဲ့ ပြန်ကြားရေးဌာနက တာဝန်ရှိသူတစ်ဦးက” လက်ရှိလည်း ကျုံဒိုးမှာ တိုက်ပွဲက ဖြစ်နေဆဲပါပဲ။ ဒီနေ့ထိ လေယာဥ်နဲ့ ဒရုန်းတွေကြောင့် အရပ်သား ထိခိုက်မှုတွေလည်း ရှိတယ်” လို့ ရွှေဖီမြေကိုပြောပါတယ်။
စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး အပြင်းအထန်တိုက်ခိုက်နေတာတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိပေမယ့် အတိအကျစာရင်းမရနိုင်သေးဘူးလို့ သူက ဆက်ပြောပါတယ်။