မြတ်နိုး၊ ဩဂုတ် ၃ ရက်
ကချင်ပြည်နယ် မြစ်ကြီးနား – ဖားကန့် လမ်းကြောင်းဖြစ်တဲ့ ကာမိုင်းလမ်းဟာ မနေ့ ဩဂုတ်လ ၂ ရက်နေ့ကစပြီး ပြန်ပွင့်နေပြီဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ကားတွေတော့ အမှန်အကန် ဝင်ခဲ့ပြီ။ အာလူးတွေရော ကြက်သွန်တွေရော တင်လာတဲ့ ကားတွေ မှန်အကန်ရောက်လာတယ်။ ဝမ်းသာတယ်။” လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ စစ်ရေးတင်းမာနေတာကြောင့် ဖားကန့်နဲ့ ဆက်သွယ်ထားတဲ့ လမ်းကြောင်းအားလုံးကို ပိတ်လိုက်တာဖြစ်ပြီး ဖားကန့်မှာ ကုန်စည်ဈေး အဆမတန် မြှင့်တက်သွားတာအပြင် ကုန်ပစ္စည်းတွေပါ ပြတ်လပ်ကုန်တာကြာင့် အခက်ကြုံကြရတယ်လို့ ဆိုပါတယ်။
“ကာမိုင်း-ဖားကန့်လမ်း သွားလာခွင့်ပြုတာ သေချာပါပြီ။ ကုန်စည်လည်း တင်ခွင့်ပြုတယ်။ ကုန်တွေ မနေ့ ဩဂုတ်လ ၂ ရက်နေ့က စဝင်တာပါ။” လို့ နောက်ထပ် ဒေသခံအမျိုးသား တစ်ဦးက ပြောပါတယ်။
စားသောက်ကုန် တင်ဆောင်လာတဲ့ ကားတွေဟာ မြစ်ကြီးနား – မိုးကောင်း – ကာမိုင်း – နန့်ယား – ဖားကန့် လမ်းကြောင်းကနေ ဝင်ရောက်လာတာဖြစ်ပြီး ဒေသခံတွေအနေနဲ့ လမ်းပြန်မပိတ်ဖို့ကိုပဲ မျှော်လင့်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကစပြီး စစ်ကောင်စီတပ်က ဖားကန့်ဘက် စစ်ကြောင်းထိုးလာတာကြောင့် ကာမိုင်း – ဖားကန့် လမ်းကြောင်းကို ပိတ်လိုက်တာဖြစ်ပြီး အဲဒီလမ်းကြောင်းကို ကချင်တပ် KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ဘက်က ပြီးခဲ့တဲ့ ဇူလိုင်လလယ်လောက်မှာ ပြန်ဖွင့်ပေးခဲ့ပေမယ့် စစ်ကောင်စီဘက်က သွားလာခွင့်မပြုပဲ မနေ့ ဩဂုတ်လ ၂ ရက်မှ လမ်းဖွင့်ပေးပြီး ပြန်လည်သွားလာခွင့် ပေးခဲ့တာဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။