ရွှေဖီမြေ၊ အောက်တိုဘာ ၂၀ ရက်၊ မြဝတီ
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရှိ ကျားဖြန်မြို့တော်လို့နာမည်ကြီးနေတဲ့ KK Park ကို စစ်ကောင်စီတပ်က ရုပ်ရှင်ဆန်ဆန် ဝင်းရောက်စီးနင်းခဲ့တဲ့ ဓာတ်ပုံတွေကို စစ်ကောင်စီလက်အောက်ခံ သတင်းဌာနတွေမှာ ဒီနေ့ အောက်တိုဘာ ၂၀ ရက်မှာ ဖော်ပြလာပါတယ်။
KK Park ကို ဝင်ရောက်စီးနင်းချိန်အတွင်း တရားမဝင်ဆက်သွယ်မှုဆောင်ရွက်ဖို့ ရည်ရွယ်တပ်ဆင်ထားတဲ့ Star Link စလောင်း အစုံ ၃၀ နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပြီး အဆောက်အအုံတွေထဲမှာ အလုပ်သမား အမျိုးသား ၁၆၄၅ ဦး၊ အမျိုးသမီး ၄၅၅ ဦး၊ လုံခြုံရေးအမျိုးသား ၉၈ ဦး စုစု ပေါင်း ၂၁၉၈ ဦး တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် KK Park အတွင်း ဆောက်လုပ်ပြီးအဆောက်အအုံ တစ်ထပ်တိုက် ၁၀ လုံး၊ နှစ်ထပ်တိုက် အလုံး ၁၀၀၊ လေးထပ်တိုက်အလုံး၂၀၊ ငါးထပ်တိုက် နှစ်လုံး၊ တစ်ထပ်တိုက်ဈေးဆိုင်ခန်း၂၀ လုံး၊ နှစ်ထပ်တိုက် ဈေးဆိုင်ခန်း ၃၀ လုံး၊ တစ်ထပ်တိုက်ဂိုထောင် ၁၅ လုံး၊ နှစ်ထပ်တိုက်ဂိုထောင် ၂၀ လုံး၊ လေးထပ်တိုက်ဂိုထောင် ၁၀ လုံး၊ ဆောက်လုပ်ဆဲ နှစ်ထပ်တိုက် ၂၁ လုံး၊ သုံးထပ်တိုက် ၁၀ လုံး၊ လေးထပ်တိုက် ၅ လုံး၊ ငါးထပ်တိုက် ၅ လုံးနဲ့ တစ်ထပ်တိုက် ဆေးပေးခန်း ၂ ခန်းတွေ့ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
KK Park ဝင်းအတွင်းက ဆောက်လုပ်တဲ့အဆောက်အအုံတွေဟာ မြေပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး တရားဝင် ခွင့်ပြုမိန့်၊ မြေပိုင်ဆိုင်ခွင့် အထောက်အထား၊ ဟိုတယ်နဲ့ခရီးသွားလာရေးဆောက်လုပ်ခွင့်၊ ခွင့်ပြုမိန့် တရားဝင် စာရွက်စာတမ်းတွေ မတွေ့တာကြောင့်နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ဆင့်ခေါ်ပေမယ့်လာရောက်ခြင်းမရှိတာကြောင့် လိုအပ်တဲ့ အရေးယူမှုတွေ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။
KK Park စီမံကိန်းဟာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) အဖွဲ့ရဲ့ တပ်မဟာ ၆ လှုပ်ရှားနယ်မြေအတွင်း တည်ရှိပြီး အဲဒီဒေသမှာ စစ်ကောင်စီတပ်၊ ကရင်နယ်ခြားစောင့်တပ် (BGF)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေ လှုပ်ရှားတဲ့နယ်မြေလည်းဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။