မိုင်းရူပ၊ အောက်တိုဘာ ၂၇ ရက်
တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ဒေသမှာ စစ်ကောင်စီရဲ့ အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်းအများစု ပိတ်ထားရတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ပထမအပတ်ကစပြီး TNLA ထိန်းချုပ်ဒေသဖြစ်တဲ့ ကျောက်မဲ၊ နမ္မတူ၊ မန်တုံ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ်ဆန်၊ မိုးမိတ်နဲ့ မိုးကုတ် စတဲ့ မြို့နယ်တွေမှာ စာသင်ကျောင်းအများစု ပိတ်ထားရပါတယ်။
“အဓိက လေယာဉ်ကြောက်လို့ပါ။ ကလေးမိဘတွေ ကျောင်းမထားရဲကြဘူးလေ။ ကျောင်းဖွင့်ထားလည်း လာတက်တဲ့ ကလေးဦးရေ နည်းတယ်” လို့ ကျောက်မဲမြို့နယ်က ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်ကစပြီး TNLA ထိန်းချုပ်ထားတဲ့ ဒေသတွေမှာရှိတဲ့ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများနဲ့ လူနေထူထပ်တဲ့ နေရာတွေကို ပစ်မှတ်ထားပြီး လေယာဉ်နဲ့ နေ့စဉ်လိုလို ဗုံးကြဲတိုက်ခိုက်နေတာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်မှာလည်း နမ့်ဆန်မြို့နယ် ကယားကြီးကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ရွှေဖီမြေ ရရှိထားတဲ့ စာရင်းအရ အောက်တိုဘာလအတွင်း စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် သေဆုံးသူ ၄၈ ဦးအထိ ရှိလာပြီး ဒဏ်ရာရသူ ၆၀ ကျော် အထိ ရှိလာပြီဖြစ်ပါတယ်။
တအာင်းတပ် ထိန်းချုပ်ထားတဲ့ ဒေသတွင် တအာင်း ပြည်ပညာရေးကောင်စီ (TLEC) မှ စာသင်ကျောင်းများ ဖွင့်လှစ်ပေးထားပြီး ၂၀၂၅–၂၀၂၆ ပညာသင်နှစ်သစ်အတွက် ကျောင်းပေါင်း ၆၀၀ ကျော် ဖွင့်လှစ်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။