ရဲမာန်၊ ဇူလိုင် ၂၄ ရက်၊ ပေါင်မြို့
မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်းရှိ မိုးနိုင်နဲ့ ထားဝယ်စုရပ်ကွက်မှာ လေဆင်နှာမောင်းတိုက်ခိုက်မှုကြောင့် နေအိမ်အလုံး ၂၀၀ ကျော် ပျက်စီးသွားခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ အမျိုးသားတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။
ဒီနေ့ ဇူလိုင် ၂၄ ရက် မနက် ၈ နာရီဝန်းကျင်မှာ စတင်တိုက်ခိုက်ခဲ့ပြီး စက္ကန့်ပိုင်းအတွင်းသာ တိုက်ခိုက်ခဲ့တယ်လို့ ၎င်းကပြောပါတယ်။
“လက်ရှိအနေထားကတော့ ပေါင်မြို့နယ် မိုးနိုင်တို့ ထားဝယ်တို့ အဲ့ဘက်လမ်းမတန်းတောက်လျှောက်ရှိတဲ့ နေအိမ်အားလုံးကတော့ အကုန်လုံး သစ်ပင်တွေလှဲ နေအိမ်တွေခေါင်မိုးတွေလှန် ပျက်စီးပေါ့နော်။ ပြီးတော့ တောင်ကုန်းပေါ်ထိ လေကဝှေ့ပြီး တိုက်သွားတာပေါ့”
မုန်တိုင်းတိုက်ခိုက်မှုကြောင့် နေအိမ်တစ်ခုလုံးပြိုကျပျက်စီးတာတွေရှိပြီး တချို့အိမ်တွေကလည်း ခေါင်မိုးနဲ့ အပေါ်ထပ်သာ ပျက်စီးသွားခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
၎င်းဒေသမှာ မုန်းတိုင်းတိုက်ခိုက်မှုဟာ တစ်နှစ်ခြားတစ်ခါဖြစ်ပွားလေ့ရှိပြီး အရင်နှစ်တွေက အိမ်အလုံး ၂၀နဲ့ ၃၀ ကြားလောက်သာပျက်စီးသွားပြီး ဒီနှစ်မှာတော့ အဆိုးဆုံးဖြစ်တယ်လို့ ၎င်းကပြောပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။