မိုင်းရူပ၊ ဇူလိုင် ၃၀ ရက်၊ စဥ့်ကူး
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း စဥ့်ကူးမြို့နယ် လက်ပန်လှရဲစခန်း ဗုံးကြဲခံရမှုမှာ အကျဥ်းသား ၂၁ ဦး၊ အကျဥ်းသူ ၁ ဦးသေဆုံးပြီး ဒဏ်ရာရသူ ၃၀ ဝန်းကျင်ရှိတယ်လို့ မန္တလေး-PDF က ထုတ်ပြန်ပါတယ်။
မနေ့ ဇူလိုင် ၂၉ ရက် ညနေ ၄ နာရီ ၂၄ မိနစ်မှာ စစ်ကောင်စီတပ်က လက်ပန်လှရဲစခန်းရှိ အချုပ်သားတွေ ထိန်းသိမ်းထားတဲ့ နေရာကို ဂျက်ဖိုက်တာလေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“သေတဲ့သူက ၂၀ ကျော်ရှိတယ်။ အချုပ်ခန်းတည့်တည့်ကို ကြဲတာ။ သေတဲ့အထဲမှာ သုံ့ပန်းနဲ့ အချုပ်သားတွေ အများစုပါတယ်” လို့ မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒါ့အပြင် မနေ့ တစ်ရက်တည်းမှာပင် စဥ့်ကူးမြို့နယ်ထဲက ရွှေပန်းတောကျေးရွာကိုလည်း ဗုံးထပ်ကြဲခဲ့ပြီး လင်မယား ၂ ဦး သေဆုံးခဲ့သလို ဇရပ်ကွင်းကျေးရွာကျေးကိုလည်း ဗုံးထပ်မံကြဲချတိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ ဒီနေ့ ဇူလိုင် ၂၉ ရက်တည်းမှာပင် စဥ့်ကူးမြို့အပါအဝင် တအာင်းတပ်ထိန်းချုပ်ထားတဲ့ မိုးကုတ်နဲ့ မိုင်းလုံမြို့ကိုလည်း လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ပြီး အရပ်သား ဆယ်နဲ့ချီ သေဆုံးခဲ့ပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့နေရာတွေကို လေကြောင်းနဲ့ တိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး တစုံတရာ တုန့်ပြန်ထားတာ မရှိသေးပါဘူး။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။