ရွှေဖီမြေ၊ မတ်လ ၂ ရက်
ဒီနေ့ မတ်လ ၂ ရက်မှာ ကျရောက်တဲ့ တောင်သူလယ်သမားနေ့ အထိမ်းအမှတ်နဲ့ တပေါင်းလပြည့်နေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးခံထားရတဲ့ အကျဉ်းသား ၇,၃၃၇ ဦးနဲ့ တရားစွဲဆိုခံထားရသူအပြင် ထွက်ပြေးတိမ်းရှောင်နေသူ ၁၂,၀၀၀ ကျော်ကို လွတ်ငြိမ်းခွင့် ပေးလိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။
အမိန့်စာ ၅ ခု ထုတ်ပြန်ထားပြီး အဲဒီထဲမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)၊ ပုဒ်မ ၅၂ (က)အရ ပြစ်ဒဏ် ကျခံနေရတဲ့ အကျဉ်းသား အကျဉ်းသူ ၇,၃၃၇ ဦးကို နောက်တစ်ကြိမ် ပြစ်မှု ထပ်မံ ကျူးလွန်ပါက ပြစ်ဒဏ်တွေကို စုပေါင်းကျခံရမယ်ဆိုတဲ့ ခံဝန်စည်းကမ်းချက်နဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်တယ်လို့ ဆိုပါတယ်။
အလားတူ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ် ၅၀(ည)နဲ့ ပုဒ်မ ၅၂ (က)အရ တရားစွဲဆိုခံထားရသူနဲ့ ထွက်ပြေးတိမ်းရှောင်နေသူ ၁ သောင်း ၂ ထောင်ကျော် (၁၂,၄၈၇ ဦး)ကိုလည်း အမှုပိတ်သိမ်းပြီး အမှုကနေ လွတ်ငြိမ်းခွင့် ပေးလိုက်ကြောင်း ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အခြားအမှုအမျိုးမျိုးနဲ့ ပြစ်ဒဏ် ကျခံနေရတဲ့ အကျဉ်းသား အကျဉ်းသူ ၂,၈၂၅ ဦးနဲ့ နိုင်ငံခြားသား ၁၀ ဦးကိုလည်း နောက်တစ်ကြိမ် ပြစ်မှု ထပ်မံ ကျူးလွန်ပါက ပြစ်ဒဏ်တွေကို စုပေါင်း ကျခံရမယ်ဆိုတဲ့ ခံဝန်စည်းကမ်းချက်နဲ့ လွတ်ငြိမ်းခွင့် ပေးလိုက်သလို တခြားပြစ်ဒဏ် ကျခံနေရတဲ့ အကျဉ်းသား အကျဉ်းသူတွေကိုလည်း ပြစ်ဒဏ်ရဲ့ ၆ ပုံ ၁ ပုံ လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်တယ်လို့ ဆိုပါတယ်။
ပုဒ်မ ၅၀(ည)ဟာ စစ်တပ်က အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတွေကို ငွေကြေး ထောက်ပံ့တာတွေလုပ်ရင် တရားစွဲဆိုခံရတဲ့ပုဒ်မဖြစ်ပြီး အများဆုံး ထောင်ဒဏ် တစ်သက်အထိ ချမှတ်နိုင်တယ်လို့ သိရပါတယ်။
ပုဒ်မ ၅၂(က)ဟာ အဲဒီအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တာ၊ အဖွဲ့ဝင်အဖြစ် ပါဝင်တာတွေလုပ်ရင် တရားစွဲဆိုခံရတဲ့ပုဒ်မဖြစ်ပြီး အနည်းဆုံး ထောင်ဒဏ် ၃ နှစ်ကနေ ၇ နှစ်အထိ ချမှတ်နိုင်တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။