ယာရူစိင်၊ ဇူလိုင် ၂၉ ရက်၊ မိုးကုတ်
PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က ဒီနေ့ ဇူလိုင် ၂၉ ရက်မှာတင် ဂျက်ဖိုင်တာ ၃ စီးနဲ့ လာရောက် ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး ၃ ဦး သေဆုံးပြီး ၉ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရတဲ့နေရာတွေထဲမှာ မိုးကုတ်မြို့အရှေ့ပိုင်း မင်းတံတား၊ ရွှေဘုံသာနဲ့ BOC ကားကြီးကွင်းအနီးရှိ လူနေထူထပ်တဲ့နေရာတွေကို ဗုံး ၇ လုံး ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“မိုးရွာလည်း ဗုံးကြဲတာပဲ။ ပထမတစ်ခေါက် ကြဲတာက ၂ လုံး ကြဲတာ။ ဒုတိယတစ်ခေါက်တော့ ၅ လုံး။ တတိယတစ်ခေါက်က ၂ လုံး ကြဲသွားတာ” လို့ မိုးကုတ်မြို့ခံတစ်ဦးက ပြောပါတယ်။
TNLA ဘက်ကတော့ မိုးကုတ်မြို့ ဗုံးကြဲခံရမှုမှာ ဒေသခံ ၄ ဦး သေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၁၈ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
မနေ့ ဇူလိုင် ၂၈ ရက်နေ့မှာ မိုးကုတ်မြို့ကို ဆက်သွယ်ထားတဲ့ လမ်းတွေကို ပြုပြင်ဖို့ ခေတ္တပိတ်ပင်ထားမယ်လို့ TNLA က ထုတ်ပြန်ပြီးနောက် ဆက်တိုက် ဗုံးကြဲချခဲ့တာဖြစ်ပြီး ဗုံးကြဲအပြီးမှာတော့ TNLA က မိုးကုတ်မြို့ခံတွေကို လမ်းတွေပိတ်ထားပြီး လူသားဒိုင်းလုပ်နေတယ်လို့ စစ်ကောင်စီဝါဒဖြန့်သူတွေက ဆက်ဆိုက် ဝါဒဖြန့်နေပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်ကလည်း မိုးကုတ်မြို့ရှိ ရွှေလိပ်ပြာဟိုတယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။