မိုင်းရူပ၊ ဒီဇင်ဘာ ၁၀ ရက်၊ မိုးကုတ်
တရုတ်ရဲ့ ကြားဝင်မှုနဲ့ စစ်ကောင်စီလက်အောက်ပြန်ရောက်သွားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့က မြို့ခံအများစုဟာ နေရပ်ပြန်မလာကြသေးဘူးလို့ သိရပါတယ်။
မိုးကုတ်မြို့အဝင်အထွက်တွေကို စစ်ကောင်စီဘက်က ဖြတ်သန်းသွားလာခွင့်ပြုပေမယ့် စစ်ဆေးမှုတွေတင်းကြပ်နေပြီး လက်ရှိမှာ မိုးကုတ်မြို့အနီး တိမ်းရှောင်သူတချို့သာ နေရပ်ပြန်လာကြတာလို့ မိုးကုတ်ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ရွာဘက် လာရှောင်ကြတဲ့လူတွေတော့ ပြန်ကြပြီ။ အသွားအလာတော့ ပေးသွားတယ်။ အစစ်အဆေးတော့ ကြမ်းတယ်” လို့ ဆိုပါတယ်။
မြို့ခံတွေဟာ မန္တလေးနဲ့ ရန်ကုန်မြို့ဘက်တွေအပြင် တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။
လက်ရှိ စစ်ကောင်စီတပ်ဟာ မိုးကုတ်မြို့တွင်းက နေရာတွေအပြင် မိုးကုတ်- မိုးမိတ်လမ်းပိုင်းကို ထိန်းချုပ်ထားပြီး မိုးကုတ်- မန္တလေးလမ်းပိုင်း မိုးကုတ်မြို့ပြင်က ကျေးရွာတွေကိုလည်း စစ်ကောင်စီက ထိန်းချုပ်ထားပါတယ်။
” မြို့ခံတွေလည်း ပြန်မလာကြသေးဘူး။ မိုးကုတ်အနောက်ပိုင်းမှာက ကျနော်တို့ စစ်ဆင်ရေးလုပ်နေတာ ရှိတယ်။ အသေးစိတ်တော့ ပြောလို့မရသေးဘူး” လို့မိုးကုတ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်မှာ တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ မိုးမိတ်နဲ့ မိုးကုတ်မြို့ထဲကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။
မိုးကုတ်နဲ့ မိုးမိတ်မြို့ကို စစ်ကောင်စီပြန်ရပြီးနောက် တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ ကျေးရွာတွေဘက်ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်လာနေပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ- NUG ကတော့ မိုးကုတ်နဲ့ မိုးမိတ်မြို့ထဲ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို မိုးကုတ်- မိုးမိတ် စစ်ဆင်ရေးဦးစီးအဖွဲ့ကို ဖွဲ့စည်းပြီး တိုက်ခိုက်နေတယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်မှာထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။