လွေးထွေး၊ နိုဝင်ဘာ ၁၈ ရက်၊ နမ့်ဆန်
တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ်မှာ မိုးကုတ်ကနေလာတဲ့ စစ်ရှောင်ကားတစ်စီး တိမ်းမှောက်ပြီး ကလေး ၂ ဦးအပါအဝင် ၃ ဦး ဒဏ်ရာရခဲ့ကြောင်း မြို့သစ်ရွာခံ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။
ဖြစ်စဉ်ဟာ နိုဝင်ဘာ ၁၅ ရက် နေ့လယ် ၃ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ၎င်းကားဟာ လန်းလွယ်ရွာက တောင်အတက်မှာ မတက်နိုင်ဘဲ နောက်ပြန်လှိမ့်ကျခဲ့တာဖြစ်ပါတယ်။
မြို့သစ်ရွာခံအမျိုးသားက “အဲနေရာက တောင်အရမ်းတက်တာ။ ကားက 4W မပါလို့လားမသိဘူး။ ကားဆရာက လမ်းကြောမကျွမ်းတာလဲဖြစ်နိုင်တယ်” လို့ ပြောပါတယ်။
၎င်းကားဟာ မိုးကုတ်ကနေ မူဆယ်ဘက်သို့ တက်မဲ့ စစ်ရှောင်ကားဖြစ်ပြီး ခရီးသည် ၁၀ ဦး လိုက်ပါတဲ့အထဲမှာမှ ကလေး ၂ ဦးနဲ့ အသက် ၆၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တာလို့ သူက ဆိုပါတယ်။
အလားတူဖြစ်စဉ်မျိုး ထပ်မဖြစ်ရအောင် သွားလာတဲ့ ကားတွေအနေနဲ့ ဂရုတစိုက်မောင်းကြဖို့လိုကြောင်း အထက်ပါအမျိုးသားက ဆိုထားပါတယ်။
တအာင်းတပ် ထိန်းချုပ်ထားတဲ့ မိုးမိတ်နဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီထံ ပြန်ပေးမယ်ဆိုတဲ့ သတင်းထွက်လာတဲ့နောက်မှာ ဒေသခံတွေအများစုက တခြားမြို့နယ်ဘက်ကို ကြိုတင်တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။