ရွှေဖီမြေ၊ ဇူလိုင် ၃၀ ရက်၊ ကွတ်ခိုင်
စစ်ကောင်စီတပ်က ကွတ်ခိုင်ကို ဗုံးကြဲတာဟာ အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်လိုက်တာဖြစ်ပြီး စစ်မီးပြန်တောက်လာအောင် လုပ်လိုက်တာဖြစ်တယ်လို့ ကိုးကန့်တပ် MNDAA က ထုတ်ပြန်ထားပါတယ်။
ဒီနေ့ ဇူလိုင် ၃၀ ရက် မနက်အစောပိုင်း ၁ နာရီဝန်းကျင်မှာ MNDAA ရဲ့ အထူးဒေသ (၁)ဖြစ်တဲ့ ကွတ်ခိုင်မြို့ ရပ်ကွက်(၂) မှာရှိတဲ့ ရာစုသစ် ဟိုတယ် (၂)ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး၁ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်မှုဖြင့် MNDAA နဲ့ စစ်ကောင်စီတပ်တို့ဟာ တရုတ်ပြည် ကူမင်းမြို့မှာ အကြိမ်ကြိမ် ဆွေးနွေးခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်(ဟိုင်ဂင်းဘဘောတူစာချုပ်) ရရှိခဲ့တာဖြစ်ပါတယ်။
အပစ်အခတ်ရပ်စဲထားပြီး ပြန်လည်တည်ဆောက်ရေး ဆောင်ရွက်နေတဲ့ အထူးဒေသ(၁)ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်က အခုလို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဟာ ခက်ခက်ခဲခဲရရှိထားတဲ့ “စစ်ပြေငြိမ်းရေး” သဘောတူညီချက်ကို ချိုးဖောက်လိုက်တာဖြစ်ပြီး ရှမ်းမြောက် စစ်မီးပြန်လည်လောင်ကျွမ်းမှု အန္တရာယ်ကို မြှင့်တင်လိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလို စစ်ရေးပစ်မှတ်မဟုတ်တဲ့ လူနေရပ်ကွက်ပေါ် လေကြောင်းကနေ တိုက်ခိုက်ပြီး ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား အျားအပြား သေကြေဒဏ်ရာရစေတဲ့လုပ်ရပ်ဟာ စီးပွားရေးဆုံးရှုံးမှုတွေ ဖြစ်စေခဲ့တဲ့အပြင် ရှမ်းမြောက် ငြိမ်းချမ်းရေးအတွက် တက်ကြွစွာ ဆောင်ရွက်နေကြတဲ့ နိုင်ငံတကာနဲ့ ဒေသဆိုင်ရာ ပါဝင်ပတ်သက်သူတွေကို ကိုလည်း လျစ်လျူရှုနေတာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
#ဓာတ်ပုံ – CJ
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။