မိုင်းအရှိုင်း၊ ဩဂုတ် ၆ ရက်၊ သိန္နီ
ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့မှာ နေထိုင်ပြီး ဒေသခံ မဟုတ်သူတွေအတွက် ၆ လသက်တမ်းရှိတဲ့ ဒေသခံကတ်ပြား လုပ်ပေးနေတယ်လို့ ရွှေဖီမြေရဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“ကျနော်တို့ ဒေသခံ မဟုတ်တဲ့သူတွေအတွက်ကျတော့ ပတ်စပိုစ့် (ဒေသခံကတ်ပြား)တွေ လုပ်နေရပြီ။ ကျနော်တောင် လုပ်ပြီးသွားပြီ”
ကတ်ပြားကို ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်ဝန်းကျင်မှာ စတင်ပြုလုပ်ပေးခဲ့တာဖြစ်ပြီး အဲဒီကတ် လုပ်ဖို့ ငွေ ၆ သောင်းကျပ် ကျသင့်သလို ၆ လတစ်ခါ သက်တမ်း ထပ်တိုးရမယ်လို့ ဆိုပါတယ်။
“တချို့က အဲဒါကို ယာယီပတ်စပို့စ်လို့ ခေါ်တာပေါ့။ လောက်ကိုင်မှာ လုပ်ပေးတဲ့ ကိုးကန့်မှတ်ပုံတင်လို ကော်သားလေးတွေနဲ့ လာတာမဟုတ်ဘူး။ လောက်ကိုင်မှာ လုပ်ပေးတဲ့ မှတ်ပုံတင်က ယဉ်မောင်းလိုင်စင်ပုံစံမျိုး လာတာလေ။ အခုက ဓာတ်ပုံံသား၊ စာရွက်သားပေါ်မှာ သူတို့ရဲ့ ထောက်ခံချက်နဲ့ နေထိုင်ခွင့် အဲလိုမျိုးတွေ လုပ်ပေးတာ”
MNDAA က ပြီးခဲ့တဲ့ ဇူလိုင် ဒုတိယပတ်အတွင်းမှာလည်း မှတ်ပုံတင် ပြုလုပ်ဖို့ဆိုပြီး သိန္နီမြို့ထဲ အိမ်ထောင်စုစာရင်း လိုက်ကောက်ခဲ့သလို ဆေးရုံဆောက်ဖို့ ပြင်ဆင်ဆောင်ရွက်နေပါတယ်။
သိန္နီမြို့ကို စစ်ကောင်စီထံ နောက်လ စက်တင်ဘာမှာ ပြန်လည် လွှဲပြောင်းပေးရမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အချိန် MNDAA က မြို့ထဲမှာ အုပ်ချုပ်ရေးလုပ်ငန်းတွေကို အဆက်မပြတ် ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။