ဓာတ်ပုံ – The Kokang

မိုင်းရူပ၊ ဧပြီ ၃၀ ရက်၊ သီပေါ

ရှမ်းမြောက် လားရှိုးနဲ့ သီပေါမြို့နယ်ကြားရှိ နမ့်မကျေးရွာမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ ကိုးကန့်တပ်မတော် MNDAA တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ SSPP တပ်တွေက နမ့်မကနေ ဆုတ်ခွာခဲ့ရပြီးနောက် ဒီနေ့ ဧပြီလ ၃၀ ရက်မှာ ၂ ဖက်တပ်တွေ စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။

မနေ့ ဧပြီ ၂၉ ရက်မှာ မနက်ပိုင်း ၂ ဖက်တပ်တွေက နာရီဝက်ကြာ ပစ်ခတ်မှုဖြစ်ပွားပြီးနောက်မှာ SSPP တပ်ဘက်က ကားနဲ့ ရှမ်းတောင်ဘက်သို့ ထွက်ခွာသွားပြီးနောက် ကိုးကန့်တပ်တွေ ဟန်နားကျေးရွာအထိ ဝင်ရောက်တပ်စွဲထားတာ ဖြစ်ပါတယ်။

ဒီနေ့ ဧပြီလ ၃၀ ရက်မှာတော့ ဟန်နားကျေးရွာရှိ ကိုးကန့်တပ်တွေကို SSPP တပ်ဖက်က ဝိုင်းထားပြီး MNDAA တပ်ဖွဲ့ဝင် ၂ ဦးကို ဖမ်းဆီးထားတယ်လို့ ဒီဖြစ်စဥ်ကို သိရှိထားတဲ့ သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“မနေ့ ကိုးကန့်အဖွဲ့ ဟန်နားထဲအထိ ဝင်နေတယ်။ ရှမ်းအဖွဲ့တွေက ပြန်ထွက်သွားတယ်။ ဒီနေ့က ရှမ်းအဖွဲ့က ပစ်မိန့်ရတယ်လို့ ကြားတယ်။ ဒီနေ့ ရှမ်းအဖွဲ့က ဟန်နားဘက်ကို ပြန်လာပြီးတော့မှ ဟန့်နားပတ်ပတ်လည် ဝိုင်းထားတယ်။ ရှမ်းအဖွဲ့ရှိတဲ့နေရာကို သွားစုံစမ်းတဲ့ ကိုးကန့်အဖွဲ့ ၂ ယောက်ကို ရှမ်းစစ်သားတွေက ဖမ်းထားတယ်”

ဒီနေ့ နေ့လည်ပိုင်းအထိ ပစ်ခတ်တာတွေ မရှိပေမဲ့ နှစ်ဖက်တပ်အကြား စစ်ရေးတင်းမာနေပြီး အနီးအနားရှိ ဒေသခံတွေကို SSPP တပ်ဖွဲ့ဝင်တွေက ရှောင်ထားခိုင်းတယ်လို့ သူက ဆက်ပြောပါတယ်။

ဧပြီလ ၂၈ ရက်မှာ လားရှိုး နမ့်ပေါင်ရွာအနီးက နမ့်မနဲ့ ကုန်ပေါင်းကျေးရွာရှိ SSPP တပ်တွေကို ကိုးကန့်တပ်က တပ်ဆုတ်ပေးဖို့ လာရောက်ညှိနှိုင်းရာကနေ ၂ ဖက်တပ်တွေ ထိုးကြိတ်မှုဖြစ်ပွားခဲ့ပြီး မနေ့ ဧပြီ ၂၉ ရက်မှာ နမ့်မကျေးရွာထဲ ဝင်လာတဲ့ ကိုးကန့်တပ်ဖွဲ့တွေကို SSPP ဘက်က ပစ်ခတ်ခဲ့တာကြောင့် နာရီဝက်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

SSPP တပ်ဘက်ကတော့ ဧပြီ ၂၈ ရက်နဲ့ ၂၉ ရက်မှာ MNDAA နဲ့ ၎င်းတို့တပ်အကြား ထိတွေ့မှု ၈ နေရာ၊ နှစ်ဖက်ထိုးကြိတ်မှု ၂၄ နေရာအထိ ရှိခဲ့ပြီး ၂ ဖက်တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒီနေ့ ဧပြီလ ၃၀ ရက် နေ့လည်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

SSPP တပ်စခန်းတွေရှိတဲ့ နားနန်း၊၊ နားတော်၊ ခိုနန်းဖ၊ တင်းဟိုင်း ၊ ဆိုင်ကျော့ ၊ နားတောင့်၊ နားမခေါ်၊ ဖာစေ (သီပေါ) စတဲ့ နေရာတွေမှာ MNDAA က အင်အားဖြည့်တာတွေ ပြုလုပ်နေပြီး နှစ်ဖက်တပ် စစ်ရေးတင်းမာနေတယ်လို့လည်း ဆိုပါတယ်။

နှစ်ဖက်တပ်ရဲ့ စစ်ရေးတင်းမာမှုတွေကို ဗဟိုခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးဖြေရှင်းသွားမှာ ဖြစ်တယ်လို့ SSPP က ပြောပါတယ်။

ကိုးကန့်တပ်နဲ့ ရှမ်းတပ် SSPP တို ပြဿနာဖြစ်ပွားခဲ့တဲ့ အဲဒီနမ့်မကျေးရွာမှာ ကျောက်မီးသွေးထွက်တဲ့ နေရာတစ်ခုဖြစ်ပြီး လားရှိုးမြို့ကို ကိုးကန့်တပ် ထိန်းချုပ်ထားစဥ် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ နေရာလည်းဖြစ်တယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။