ယာရူစိင်၊ နိုဝင်ဘာ ၆ ရက်၊ ဝက်လက်
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ရှိ ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Wetlet Information Network မှ တာဝန်ရှိသူ ကိုမုန်တိုင်းက ရွှေဖီမြေကို ပြောပါတယ်။
“ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဒေသခံ အယောက် ၄၀ ကျော်ကို စစ်တပ်က ဖမ်းဆီးတာတွေလည်း ရှိတယ်။ အခုထိတော့ ဖမ်းဆီးခဲ့ရတဲ့အထဲက တချို့တော့ ပြန်လွှတ်လာတယ်။ ဒါပေမဲ့ လူငယ်ပိုင်းတွေကိုတော့ မလွှတ်သေးဘူးလို့ သိရပါတယ်”
မနေ့ နိုဝင်ဘာ ၅ ရက် ညနေ ၅ နာရီဝန်းကျင်မှာ ဝက်လက်မြို့နယ် ထုံးဘို၊ တံတားဦး၊ တမာကုန်းနဲ့ ရွာတော်ကုန်းရွာရှိ နေအိမ်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတာကြောင့် ဒေသခံ သောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
“စစ်တပ်က မီးရှို့တဲ့ ကျေးရွာက ဒေသခံတွေလည်း ထွက်ပြေးနေရတာပါ။ လက်ရှိတော့ ကျေးရွာ ၄ ရွာမှာရှိတဲ့ နေအိမ်တွေကိုတော့ မီးရှို့တယ်။ ကျန်တဲ့ရွာတွေကိုတော့ စစ်ကြောင်း မထိုးသေးဘူး။ ဒါပေမဲ့ အဲကျေးရွာနားမှာရှိတဲ့ ပြည်သူတွေအကုန်လုံးက ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေတယ်” လို့ ကိုမုန်တိုင်းက ဆက်ပြောပါတယ်။
ရွာသာကြီး၊ ထုံးဘို၊ တံတားဦး၊ တမာကုန်း၊ ရွာတော်ကုန်း၊ ဥတည်ကုန်း၊ အုပ်ဖိုကုန်း၊ ကျီးကန် တောင်ရွာနဲ့ မြောက်ရွာ၊ လှတော၊ လှည်းဦးကြီးကုန်း၊ နှမ်းကြီးကုန်း၊ ရွှေဒါး၊ ရင်းမတော၊ ကိုကို့စု၊ ငှက်ပြောတော၊ တကောင်းတောင်၊ ကဒူး စတဲ့ကျေးရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာပဲ ဖြစ်ပါတယ်။
ဝက်လက်မြို့နယ်ထဲ စစ်တပ်က မကြာခဏ စစ်ကြောင်းထိုးတာအပြင် လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်တာတွေ ရှိနေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။