ရဲမာန်၊ နိုဝင်ဘာ ၁၃ ရက်၊ မြိုင်
မကွေးတိုင်း မြိုင်မြို့နယ်ထဲ စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ရွာခံ ၂ ဦးကို ဓားနဲ့ ရက်စက်စွာ သတ်ဖြတ်ခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်က မြိုင်မြို့နယ် စက်မှုဇုန် ၂ ဘက် ရောက်လာတဲ့ စစ်တပ်ဟာ ဝက်ပုတ်ရွာအနီးရှိ ရွာတန်းရှည်ရွာက အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ၎င်းက ပြောပါတယ်။
“ဖမ်းခံရတော့ သရက်ကန် ထွက်လာကတည်းက ဖမ်းတာ။ စုစုပေါင်း ၈ ယောက်ရှိတယ်။ အဲဒီ ၈ ယောက်ထဲက ၅ ယောက်တော့ ပြန်လွှတ်လာတယ်။ ဒီ ၃ ယောက်ကိုတော့ မလွှတ်ဘူး။ ဖမ်းခံရတဲ့ ၃ ယောက်ထဲက အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် သတ်ဖြတ်တဲ့ ရုပ်အလောင်း တွေ့ရပြီး နောက်တစ်ယောက်တော့ မတွေ့ရသေးဘူး။ သတ်တာကတော့ တော်တော်ရက်ရက်စက်စက်ပါဗျာ။ တကယ်တမ်းက အပြစ်မဲ့ ပြည်သူတွေပါ။ PDF မှ မဟုတ်တာ။ ဖမ်းမိလို့ သတ်ချင်တယ်ဆိုလည်း နှိပ်စက်မနေနဲ့ဗျာ။ အခုဟာကျတော့ ဓားတွေနဲ့ ပါးတွေမှာ လှီးထားတယ်။ မျက်နှာတွေမှာအနှံ့ ဓားနဲ့ ထိုးထားတယ်။ တော်တော်ကို ကြောက်စရာ ကောင်းပါတယ်။ သတ်တာက လက်နောက်ပြန်ကြိုးတုတ်ပြီးမှ ခေါင်းကို သေနတ်နဲ့ ပစ်သတ်တာ”
စစ်ကြောင်းကို ပခုက္ကူ တပ်မ ၁၀၁ က ဗျူဟာမှူး ဦးဆောင်ပြီး တပ်သားတွေကတော့ တပ်မ ၉၉ လက်အောက်ခံတပ်သားတွေ ဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။
“စစ်ကောင်စီတပ်က ပြည်သူတွေကို အကြောက်တရား သွင်းတာလည်း ဖြစ်ရင်လည်းဖြစ်မှာပါ။ သူတို့တွေက လူလို့တောင် ပြောလို့မရတော့ဘူး။ ပြည်သူတွေအနေနဲ့ သူတို့နဲ့ မတွေ့အောင်ရှောင်မှ ဖြစ်လိမ့်မယ်” လို့ ၎င်းက ဆက်ပြောပါတယ်။
စစ်ကြောင်းဟာ မြိုင်မြို့နယ်ကို နိုဝင်ဘာ ၃ ရက်ကတည်းက ရောက်ရှိလာပြီး ဒေသအတွင်းရှိ ကျေးရွာတွေမှာ စစ်ကြောင်း ထိုးနေတဲ့အပြင် လူထုပိုင် နေအိမ်တချို့ကိုလည်း မီးရှို့ဖျက်ဆီးတာ ရှိတယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။