မိုင်းရူပ၊ ဒီဇင်ဘာ ၁၁ ရက်၊ စဥ့်ကူး
မန္တလေး PDF နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း စဥ့်ကူးမြို့နယ်ထဲကို စစ်ကောင်စီတပ် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လက်ပန်လှနဲ့ ၅ မိုင်အကွာ စစ်ကောင်စီတပ် ရောက်လာနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ မတ္တရာမြို့နယ်ကနေ စဥ့်ကူးမြို့နယ်ဘက်ကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒီရက်ပိုင်းအတွင်း စစ်တပ်စစ်ကြောင်းဟာ ရွှေတွင်းတွေပေါများရာ လက်ပန်လှကျေးရွာနဲ့ ၅ မိုင်ဝန်းကျင်အကွာ ရွှေပြည်ရွာအထိ ရောက်ရှိတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ပတ်လည်အင်း၊ တရော်ပင် ကျော်ပြီးတော့ စစ်ကောင်စီက ရွှေပြည်ရွာအထိ ရောက်လာပြီ။ အခု စကစထိုးနေတာက စဥ့်ကူးနယ် တောင်ခြမ်းပေါ့။ အခုစကစရောက်တဲ့နေရာနဲ့ လက်ပန်လှက ၅ မိုင်လောက်ပဲဝေးတယ်” လို့ ဆိုပါတယ်။
နောက်ထပ်စစ်ရေးသတင်းအမြစ်တစ်ဦးကလည်း လက်ပန်ရွာအနီးတဝိုက်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ပြောပါတယ်။
လက်ပန်လှကျေးရွာဟာ အိမ်ခြေထောင်ချီရှိတဲ့ ရွာကြီးဖြစ်ပြီး ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းအတွင်း မန္တလေး PDF နဲ့ ပူးပေါင်းတပ်တွေက ရှမ်း-မန်းစစ်ဆင်ရေးအဖြစ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် လက်ပန်လှကျေးရွာဟာ မိုးကုတ်- မန္တလေးလမ်းပေါ်မှာ တည်ရှိပြီး ရွှေတွင်းတွေပေါများတဲ့ဒေသဖြစ်ကာ မန္တလေး PDF ဘက်ကလည်း နယ်မြေတွေလက်မလွှတ်ရရေး ဆက်လက်ခုခံနေရတဲ့ အခြေအနေလို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်နှစ်ဆန်းပိုင်းကစပြီး မန္တလေး PDF နဲ့ တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ စဥ့်ကူး၊ သပိတ်ကျင်းနဲ့ မတ္တရာမြို့နယ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ မတ္တရာမြို့ပေါ်က နေရာတွေအပါအဝင် သပိတ်ကျင်းမြို့ကိုပါ ပြန်ထိန်းချုပ်နိုင်ခဲ့ပြီး စဥ့်ကူးမြို့နယ်ထဲကို ထိုးစစ်ဆင်လာဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။