ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၁ ရက်
နိုင်ငံတော်အာဏာကို အဓမ္မနည်းနဲ့ သိမ်းယူခဲ့တဲ့ စစ်ကောင်စီက အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်ပြီး CDM လုပ်ခဲ့ကြတဲ့ အစိုးရဝန်ထမ်းတွေကို ပြန်လည်ဖိတ်ခေါ်တဲ့ ထုတ်ပြန်ချက်တစ်ခု စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီထုတ်ပြန်ချက်ကို ၎င်းတို့ အာဏာသိမ်းမှု ၅ နှစ်တင်းတင်းပြည့်ဖို့ နာရီပိုင်းအလို မနေ့ ညနေပိုင်း ဇန်နဝါရီ ၃၁ ရက်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး CDM တွေအနေနဲ့ အရင်က တာဝန်ထမ်းဆောင်ခဲ့တဲ့ ဌာနရဲ့ ရုံး၊ တိုင်းနဲ့ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့၊ မြန်မာသံရုံး၊ စစ်သံရုံးနဲ့ ကောင်စစ်ဝန်ချုပ်ရုံး စတဲ့နေရာတွေကို ပြန်ဆက်သွယ်ပေးဖို့ ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။
ဆက်သွယ်လာတဲ့ သူတွေကို ပြစ်မှုကျူးလွန်ခြင်း ရှိမရှိ၊ မိမိဌာနမှ Black Lists စာရင်းထဲ ထည့်သွင်းခြင်းရှိမရှိ စိစစ်သွားမှာဖြစ်ပြီး ပြစ်မှုကျူးလွန်ကာ ပြစ်ဒဏ်ကျခံပြီးသူတွေလည်း Black Lists စာရင်းထဲ ပါနေရင် Black Lists စာရင်းထဲကနေ ဖြေလျှော့ပေးနေတယ်လို့ ဆိုပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ဟာ စစ်ကောင်စီတပ်ရဲ့ အာဏာသိမ်းတဲ့ ၅ နှစ်မြောက်နေ့ ဖြစ်ပြီး အာဏာသိမ်းတဲ့ ကာလအတောအတွင်းမှာ အာဏာသိမ်း စစ်အစိုးရလက်အောက်မှာ တာဝန်မထမ်းဆောင်လိုဘဲ CDM အစိုးရဝန်ထမ်းတွေဟာ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ နယ်မြေထဲမှာ တာဝန်အသီးသီး ထမ်းဆောင်လျက်ရှိပါတယ်။
စစ်ကောင်စီတပ်ဟာ CDM ဝန်ထမ်းတွေကို အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးနေတာတွေကြောင့် အခု ထုတ်ပြန်ချက်ဟာ ထောင်ချောက်ဖြစ်နိုင်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းတွေက ပြောဆိုနေကြပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။