မိုင်းရူပ၊ မေလ ၂၆ ရက်၊ မန္တလေး
ငလျင်လှုပ်ခတ်မှုဒဏ်ခံခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုများခဲ့တဲ့ မန္တလေးမြို့က စာသင်ကျောင်းတွေမှာ ယာယီတဲနဲ့ ခိုလှုံသူတွေ မေလကုန်အပြီး ပြောင်းပေးဖို့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက အသိပေးထားတယ်လို့ ငလျင်ဒဏ်သင့်ခဲ့ရတဲ့ မြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။
လာမယ့် ဇွန်လထဲ စာသင်ကျောင်းတွေ စဖွင့်မှာဖြစ်တာကြောင့် စာသင်ကျောင်းတွေမှာ ယာယီတဲတွေထိုးပြီး နေထိုင်သူတွေ ပြောင်းရွှေ့ခိုင်းတာဖြစ်တယ်လို့ ပြည်ကြီးတံခွန်မြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“အချို့ကစာသင်ကျောင်း၊ အစိုးရနဲ့သက်ဆိုင်တဲ့အဆောက်အဦးတွေမှာ ဖယ်ပေးရမယ်။ အကြောင်းပြချက်တော့ ကျောင်းမဖွင့်ခင် ဖယ်ပေးရမယ်လို့ ကြားတယ်” လို့ ဆိုပါတယ်။
ငလျင်လှုပ်ခတ်မှုအပြီး ၂ လနီးပါးကြာတဲ့အထိ ပျက်စီးသွားတဲ့ အဆောက်အဦးတွေကို ရှင်းလင်းရေးတွေ မလုပ်နိုင်သေးသလို ဒေသခံအများစုကလည်း နေရာထိုင်ခင်းတွေ အခက်အခဲရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။
ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးမှုများတဲ့ မန္တလေးမြို့ Sky Villa ကွန်ဒိုမှာ ရှင်းလင်းရေးတွေ ဆက်လုပ်နေကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်မှာ မန္တလေးမြို့ အရှေ့မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မန္တလေးတိုင်းအပါအဝင် နေပြည်တော်၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာ ထိခိုက်မှု အများအပြား ရှိခဲ့ပါတယ်။
ငလျင်ဒဏ်ကြောင့် နေအိမ်ပေါင်းသောင်းနဲ့ချီ ပျက်စီးခဲ့သလို စစ်ကောင်စီရဲ့ မေလ ၂၃ ရက်အထိ စာရင်းအရ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃၇၃၂ ဦး၊ ဒဏ်ရာရသူ ၅၁၀၄ ဦးနဲ့ ပျောက်ဆုံးသူ ၇၅ ဦးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။