ခိုင်လေး၊ မတ်လ ၂၄ ရက်၊ ရေဦး
စစ်ကိုင်းတိုင်း ရေဦးမြို့ ရွှေပြည်သာရပ်ကွက် ဓမ္မာရုံရှေ့ လမ်းသွားလမ်းလာ ဒေသခံတွေကို စစ်ဆေးရေး ပြုလုပ်နေတဲ့ စစ်ကောင်စီ တပ်သားကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရခဲ့ပါတယ်။
မနေ့ မတ်လ ၂၃ ရက် နေ့လယ် ၁ နာရီက ဓမ္မာရုံရှေ့မှာ အင်အား ၂၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီ တပ်သားကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မြောက်ပိုင်း(ပကဖ)က ဒရုန်းနဲ့ ဗုံးသီး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ရေဦးမြို့နယ် (ပကဖ)တာဝန်ခံက ရွှေဖီမြေကို ပြောပါတယ်။
“ဗုံးသီး သုံးလုံး၊ Drone က သုံးစီးပါဗျ။ စခ (စစ်ခွေး) ၃ ကောင် သေပြီး ၂ ကောင် ဒဏ်ရာ ရပါတယ်ဗျ။ တခါတလေ လာစစ်တာပဲ ရှိတာဗျ။ စခတွေက စစ်ဆေးရေး လုပ်နေတယ်လို့ သတင်းပေးလို့ ကျနော်တို့က တိုက်ခိုက်တာပါဗျ”
စစ်တပ် အထိုင်ချထားတာမျိုး မဟုတ်ဘဲ ခဏသာ လာရောက် စစ်ဆေးတာဖြစ်ပြီး အဆိုပါ တိုက်ခိုက်မှုမှာ တော်လှန်ရေး ရဲဘော်ဘက်က အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်ကလည်း ရေဦးမြို့ ရွှေကျီးမင်းဂိတ် မြောက်ဘက်ဂိတ်ရှိ စစ်တပ် အထိုင်စခန်းကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ၈၁ မမ လက်လုပ်မိုင်း ၅၃ လုံး ပစ်ခတ်တိုက်ခဲ့ပြီး RPG ငါးကြင်းမှီး လက်နက်ငယ်နဲ့ အနီးကပ် ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်တပ်ဘက်က ၃ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ဖူးပါတယ်။