ရွှေဖီမြေ၊ မေလ ၂၁ ရက်၊ ရွှေကူ
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်တပ်- KIAရဲ့ ပစ်ချခြင်းကိုခံခဲ့ရတဲ့ Mi-17 အမျိုးအစား ရဟတ်ယာဉ်က စက်ချို့ယွင်းမှုဖြစ်ပြီး မတော်တဆ ပျက်ကျခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီက မနေ့ မေလ ၂၀ ရက် ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
ရှေ့တန်း စစ်မြေပြင်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ တပ်စခန်းတွေကို ထောက်ပံ့ပစ္စည်းတွေသွားရောက်ပို့ဆောင်ပြီးအပြန် ဗန်းမော်မြို့ရဲ့ အနောက်တောင်ဘက် မီတာ ၁၄၀၀၀ ဝန်းကျင်အကွာမှာ ရဟတ်ယာဉ်က စက်ချို့ယွင်းမှုဖြစ်ကာ မတော်တဆပျက်ကျခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဗန်းမော်မြို့ကို စစ်ကူပို့လာတဲ့ ရဟတ်ယာဉ် ၃ စင်းထဲက ၂ စင်းကို KIA နဲ့ ပူးပေါင်းတပ်တို့က ပစ်ခတ်လို့ ထိမှန်ရာ ၁ စင်းက ဗန်းမော်ခရိုင် ရွှေကူမြို့နယ် စီငန်းရွာ အနောက်ဘက်တောထဲ ပျက်ကျခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်က ရွှေဖီမြေကို ပြောထားပါတယ်။
ရဟတ်ယာဉ်ပျက်ကျမှုမှာ စီးနင်းပါလာတဲ့ ဗိုလ်ကြီး ကျော်မြင့်ထူး၊ ဗိုလ်ကြီး ချမ်းသာ၊ ဗိုလ်ကြီး မျိုးထက်အောင်၊ အခြားတပ်ကြပ်အဆင့်တပ်ဖွဲ့ဝင်များနဲ့ မကြာခင်က စစ်ကောင်စီတပ် ခန့်အပ်ထားတဲ့ ဗျူဟာမှူးများအပါအဝင် အရာရှိ ၇ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ကချင်သတင်းအရင်းမြစ်တွေက ရွှေဖီမြေကို ပြောဆိုထားပေမယ့် အတည်မပြုနိုင်သေးပါဘူး။
လက်ရှိ ဗန်းမော်မြို့မှာ စစ်ကောင်စီနဲ့ KIA တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စကခ-၂၁ထဲကို စစ်ကောင်စီက နေ့စဉ်လိုလို စစ်ကူ၊လက်နက်နဲ့ရိက္ခာတွေကို ရဟတ်ယာဉ်ကနေတစ်ဆင့် ပို့ဆောင်နေတယ်လို့ ဆိုပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။