ဓာတ်ပုံ – Local

အိုက်ပွီး၊ ဧပြီလ ၂၆ ရက်၊ စစ်တွေ

စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အရပ်သား ၃၀ ကျော် ကို မနေ့ ဧပြီလ ၂၄ရက်နေ့ညနေမှာ ပြန်လည်လွတ်ပေးလိုက်ပြီလို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့က စစ်တွေဒေသခံ ၃၀ ကျော်ဟာ အာရက္ခတပ်တော်-AA ထိန်းချုပ်နယ်မြေမှာ စစ်ဘေးရှောင်ကြဖို့ သွားကြရာမှာ မိဇံရပ်ကွက်၊ ကိုရီးယားဆိပ်ကမ်းမှာ စစ်ကောင်စီနဲ့ရဲတပ်ဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။

အဲဒီဖမ်းဆီးခေါ်ဆောင်သွားတဲ့ စစ်တွေမြို့ခံ ၃၀ ကျော်ကို နှစ်ရက်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းထားပြီး မနေ့ ဧပြီလ ၂၄ရက်နေ့ညနေမှာ အ မှတ် (၁) ရဲတပ်ရင်းကနေ အသီးသီး ပြန်လည်လွတ်ပေးလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

“ဘယ်သွားကြဖို့၊ ဘာသွားလုပ်ဖို့ စစ်ဆေးမေးမြန်းတယ်။ ငွေညှစ်တာတွေ၊ ငွေပေးရတာတွေက မရှိဘူးပြောတယ်။ ဘာမှတော့ မလုပ်ကြပါဘူး။ တိုင်တဲ့သူတွေရှိလို့ အခုလိုစစ်ဆေးမြန်းတာလို့ ပြောတယ်။ ဗျိုင်းဖြူရွာသားတွေက အိမ်ပြန်ရောက်ကြပါပြီ။ ကျန်တဲ့သူတွေက ဘယ်ရပ်ကွက်က မသိဘူး။ ရှေ့ဆင့်နောက်ဆင့် လွတ်ပေးကြတာ။”လို့ ဖြစ်စဥ်သိရှိသူဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

စစ်တွေမြို့ပေါ်မှာ ကုန်စည်စျေးနှုန်းမြင့်တက်နေသလို အလုပ်အကိုင်တွေကလည်း ရှားပါးပြီး ဝင်ငွေမရှိတဲ့အတွက် မိသားစုစားဝတ်နေရေးရပ်တည်ဖို့ ခက်ခဲလာတာကြောင့် စစ်တွေဒေသခံတွေဟာ AA ထိန်းချုပ်နယ်မြေမှာ စစ်ဘေးရှောင်ကြတာဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က လေကြောင်းလမ်းကလွဲ၍ စစ်တွေမြို့အဝင်/ အထွက်ကိုလည်း ပိတ်ထားပြီး ပြည်သူတွေဟာ လွတ်လပ်သွားလာဖို့ မရကြဘူးလို့ ပြောပါတယ်။

“ရန်ကုန်ပြောင်းချင်ရင်တော့ လေယာဥ်နဲ့သွားလို့ရတယ်။ မြို့ထဲက ပိုက်ဆံအဆင်ပြေကြသူတွေက အတော်များ လေယာဥ်နဲ့ ရန်ကုန်ပြောင်းကြတယ်။ ပိုက်ဆံမတက်နိုင်သူတွေက မြို့ထဲမှာ ပိတ်မိနေတယ်။ တခြားနေရာသွားချင်ရင် ရေကြောင်း ခိုးလမ်းကနေ ပွဲစားတွေနဲ့ သွားရတယ်။ ဘာဖြစ်လို့ဆိုတော့ မြို့အဝင်အထွက် လုပ်လို့ရတဲ့နေရာတွေကို စစ်ကောင်စီက ပိတ်ထားတယ်။”လို့ စစ်တွေမြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

စစ်တွေဒေသခံတွေဟာ စစ်တွေမြို့ကနေ တခြားမြို့၊ နေရာဒေသတွေကို သွာရောက်လိုရင် ပွဲစားမှတဆင့် လူတစ်ဦးလျင် ငွေကျပ် ၁၀သိန်း နဲ့အထက် ပေးရပြီး ခိုးလမ်းကနေ သွားနေရတယ်လို့ သိရပါတယ်။

စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် စတဲ့မြို့ ၃မြို့နယ်ကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ပစ်ခတ်မှု၊ ဒရုန်းတိုက်ခိုက်မှုတို့ကြောင့် အဲဒီမြို့တွေက ပြည်သူတွေ ထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။

မနေ့ ဧပြီလ ၂၄ ရက်နဲ့ ဒီနေ့ ဧပြီလ ၂၅ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်ဖြူမြို့နယ်၊ ရေနံတောင်ကျေးရွာနဲ့ လိပ်ခမော်ကျေးရွာက အရပ်သား လေးဦး သေဆုံးခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

“မနေ့က ဒရုန်းနဲ့ ဗုံးကြဲလို့ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး ပြ င်းထန်ဒဏ်ရာနဲ့ ဆေးကုသဖို့ ပို့ဆောင်ရင်း လမ်းမှာ သေဆုံးတယ်။ ဒီနေ့လည်း အမျိုးသမီး သုံးဦး ဒရုန်းဗုံးကြဲလို့ အသက်သေဆုံးရတယ်။ တိုက်ပွဲမရှိဘဲ အရပ်သားနေထိုင်တဲ့နေရာတွေကို စစ်ကောင်စီက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်တယ်။”လို့ ကျောက်ဖြူမြို့နယ်စစ်ရေးသတင်းအရင်းမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။

စစ်ကောင်စီက နိုင်ငံတစ်ဝှမ်း ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဧပြီလ ၃၀ ရက်ထိ ကြေညာထားပေမဲ့ ကျောက်ဖြူမြို့နယ်မှာတော့ စစ်ကောင်စီတပ်ဟာ စစ်ကြောင်း ထိုးတာ၊ လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးကျည်ပစ်ခတ်တာတွေလုပ်ဆောင်နေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။