ရွှေဖီမြေ၊ စက်တင်ဘာ ၂၃ ရက်
ရှမ်းမြောက်ရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်း စစ်ကောင်စီတပ်ဘက်က တော်လှန်ရေးတပ်ရဲ့ လှုပ်ရှားမှုကို သတင်းရယူနိုင်ဖို့ ထောက်လှမ်းရေး စေလွှတ်ထားပြီး သတင်းမပေးနိုင်သူဟာ မြို့သိမ်းပြီးရင် ဖမ်းဆီးအရေးယူမယ်ဆိုပြီးတော့ ခြိမ်းခြောက်ခံထားရတယ်လို့ ဖမ်းဆီးခံရတဲ့ ထောက်လှမ်းရေးတွေက ထွက်ဆိုထားကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
ရှမ်းမြောက်မှာ ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်း လားရှိုးကနေတဆင့် မြို့နယ်တစ်ခုကို သတင်းတွေထောက်လှမ်းနိုင်ဖို့ အနည်းဆုံး ထောက်လှမ်းရေး ၂၀ ဦး စေလွှတ်ထားပြီး အဲဒီထဲက အချို့ဟာ ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။
“သူတို့က ပုံစံမျိုးစုံနဲ့ကို လာကြတာ။ ဖမ်းမိတဲ့အထဲက ထွက်ဆိုချက်အရဆို အကုန်လုံးလိုလိုက လားရှိုးကနေ လာကြတာ များတယ်။ သူတို့ထွက်ဆိုချက်တွေထဲမှာ သူတို့ ခြိမ်းခြောက်ခံထားရတယ်။ သတင်းမပေးနိုင်လို့ မြို့သိမ်းပြီးခဲ့ရင် ဖမ်းမယ် သတ်မယ်လို့ ခြိမ်းခြောက်ခံထားရတာလို့ ထွက်ဆိုထားတယ်” ဆိုပြီး ထောက်လှမ်းတွေကို ဖမ်းဆီးရမိထားတဲ့ တော်လှန်ရေးတပ်ဘက်မှ သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ထောက်လှမ်းရေးထဲ လေကြောင်းကနေ ဗုံးကြဲဖို့ ပွိုင့်ပေးတဲ့ အထောက်အထားတွေ တွေ့ရတဲ့အပြင် တော်လှန်ရေးတပ်ရဲ့ သွားလာလှုပ်ရှားမှုတွေကိုပါ သတင်းပေးနေတဲ့ အချက်အလက်လည်း တွေ့ရတယ်လို့ ဆိုပါတယ်။
နောင်ချိုမြို့ကို စစ်တပ်ဘက်က ထိုးစစ်ဆင်နေစဉ်ကလည်း စစ်ကောင်စီရဲ့ ထောက်လှမ်းရေးတွေကို ဖမ်းဆီးမိရာမှာ လေကြောင်းကနေ ဗုံးကြဲဖို့ ပွိုင့်ပေးတဲ့ အထောက်အထားတွေ တွေ့ရပြီး ပွိုင့်တစ်ခုကို ငွေ အနည်းဆုံး ၁၀ သိန်းကနေ သိန်း ၅၀ အထိ စစ်တပ်ဘက်က ပေးနေကြောင်း ဖမ်းဆီးခံထားရသူတွေက ထွက်ဆိုထားဖူးပါတယ်။
လက်ရှိ စစ်တပ်ဟာ ကျောက်မဲနဲ့ နောင်ချို-မိုးကုတ်လမ်းပိုင်းကို မြေပြင်ကနေ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ကျောက်မဲနဲ့မိုးကုတ်မြို့ကိုလည်း လေကြောင်းကနေ ဗုံးကြဲနေပါတယ်။
စစ်တပ်နဲ့ တိုက်ပွဲ အပြင်းအထန်ဖြစ်နေတဲ့ တအာင်းတပ်ဘက်ကတော့ လူထုတွေအနေနဲ့ ဗုံးကြဲတိုက်ခိုက်မှုကို ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိ အမြဲရှိဖို့ လိုအပ်ပြီး လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေကို လိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။