ခိုင်လေး၊ ဧပြီ ၅ ရက်၊ မိုးဗြဲ
ရှမ်းတောင် မိုးဗြဲနဲ့ ကရင်နီပြည် လွိုင်ကော်ကြားက ပီကင်းကောခူရွာကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ဦး သေဆုံးခဲ့တယ်လို့ KNDF က ဒီနေ့ ဧပြီ ၅ ရက်မှာ ထုတ်ပြန်လာပါတယ်။
မနေ့ ဧပြီ ၄ ရက် မနက် ၁၁ နာရီက မိုးဗြဲမြို့အခြေစိုက် ခမရ ၄၂၂ တပ်ဖက်မှ မြို့တွင်းနဲ့ အနီးဝန်းကျင်က ရွာတွေကို တစ်နေကုန်နီးပါး လက်နက်ကြီးနဲ့ ရမ်းသမ်း ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် ပီကင်းကောခူရွာခံ အမျိုးသား ၁ ဦး ထိမှန်သေဆုံးခဲ့ပါတယ်။
”လက်နက်ကြီးတွေနဲ့ပစ်တော့ ရွာက လူတစ်ယောက် ထိပြီး သေသွားတာ။ သေသွားတဲ့ အဲအလောင်းကို သွားကောက်တုန်း စစ်တပ်က လေယာဉ်နဲ့ ပြန်လာပစ်တာ အဲမှာဘဲ နောက်ထပ် ၄ ယောက် ပွဲချင်းပြီး သေသွားတာ။ သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေတော့ မသိရသေးဘူး” လို့ မြေပြင် အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ နေ့လယ် ၂ နာရီကျော်က ပီကင်းကောခူရွာထဲ တိုက်လေယာဉ်နဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ကျေးရွာအတွင်းရှိ နေအိမ်တွေ ထိမှန်ကာ အလောင်း သွားကောက်တဲ့ အမျိုးသား ၄ ဦးလည်း သေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။
နိုင်ငံတစ်ဝန်း သဘာဝဘေး သင့်နေချိန် စစ်ကောင်စီဘက်က ယာယီ အပစ်အခတ် ရပ်စဲထားမယ်လို့ ဧပြီ ၂ ရက်မှာ ထုတ်ပြန်ထားပေမဲ့ ကရင်နီပြည်အတွင်း ဧပြီ ၂ ရက်ကစပြီး ဒီနေ့ထိ လေကြောင်း တိုက်ခိုက်မှု ဆက်တိုက် လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အလားတူ မြန်မာနိုင်ငံမှာ ငလျင်ဘေးသင့်ခဲ့တဲ့ မတ်လ ၂၈ ရက်ကနေ ဒီနေ့အထိ ကရင်နီပြည်အတွင်း လေကြောင်း တိုက်ခိုက်မှု ၃ ကြိမ် လုပ်ဆောင်ခဲ့ပြီး လက်နက်ကြီး ပစ်ခတ်မှုလည်း နေ့စဉ်နီးပါး လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။