ယာရူစိင်၊ ဇူလိုင် ၂၆ ရက်၊ မိုးကုတ်
တအာင်းတပ် PSLF/TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
မိုးကုတ်မြို့ရှိ ရွှေလိပ်ပြာဟိုတယ်ကို စစ်ကောင်စီတပ်က ဒီနေ့ ဇူလိုင်လ ၂၆ ရက် ညနေ ၅ နာရီကျော်မှာ လေကြောင်းကနေ ဗုံး ၂ လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“၂ လုံး လာချသွားတာ။ ကျွန်တော်တို့ အိမ်တောင်တုန်တယ်။ အဲဟိုတယ်က မြို့ပြင်မှာရှိတာ။ အထိအခိုက်တော့ မသိရသေးဘူး” လို့ မိုးကုတ်မြို့ခံတစ်ဦးက ပြောပါတယ်။
ထိခိုက်ပျက်စီးတာတွေနဲ့ ပတ်သက်ပြီး ရွှေဖီမြေက ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်မှာလည်း မိုးကုတ်မြို့ အရှေ့ပိုင်းရှိ ပန်းမထိပ်ဘက်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၂ ဦး သေဆုံးခဲ့ရပါတယ်။
ဒါ့အပြင် ဇူလိုင် ၈ ရက်မှာလည်း မိုးကုတ်မြို့နဲ့ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၄ ဦး သေဆုံးတာနဲ့ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။