မြတ်နိုး၊ အောက်တိုဘာ ၁၇ ရက်၊ လိုင်ဇာ
ကချင်တပ် KIO/KIA ထိန်းချုပ်တဲ့ ကချင်ပြည်နယ် လိုင်ဇာမြို့ပေါ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက် ညသန်းခေါင်ယံအချိန်မှာ စစ်ကောင်စီတပ်က အသေခံဒရုန်း ပစ်ခတ်လို့ ဈေးသည် ၂ ဦး ထိခိုက်ဒဏ်ရာရာရရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“မနေ့ည လိုင်ဇာဘက် အသေခံဒရုန်းနဲ့ လာပစ်တာ။ တရုတ်နိုင်ငံသား လင်မယား ထိသွားတာ။ တရုတ်ဘက်က ကုန်စိမ်းတွေ လာရောင်းနေတဲ့ လမ်းထောင့်ကဆိုင်။ သူတို့ လင်မယား အိပ်နေတဲ့ ခေါင်းရင်းနားဘက်ခြမ်း ကျတာ။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ဈေးဆိုင်ခန်းမှာ လာကျတာကြောင့် အဲဒီဆိုင်မှာ ညအိပ်တဲ့ ဈေးသည်လင်မယားနှစ်ဦးက ထိခိုက်ဒဏ်ရာ ရသွားတာလို့ နောက်ထပ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ညသန်းခေါင် ၁၂ နာရီဝန်းကျင်ခန့်မှာ ရေချောင်းနားက ကုန်စိမ်းဈေးမှာ ကျတာ။” လို့ ဆိုပါတယ်။
ဒရုန်းဗုံး ထိမှန်လို့ ကုန်စိမ်းဈေးက ဈေးဆိုင်တချို့လည်း ထိခိုက်ပျက်စီးကုန်တယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း လိုင်ဇာအနီးမှာ စစ်ကောင်စီတပ်က အသေခံဒရုန်းနဲ့ ၃ ကြိမ်ခန့် ပစ်ခတ်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။