ရွှေဖီမြေ၊ ဩဂုတ် ၂၉ ရက်
ကရင်အမျိုးသားအစည်းအရုံး (KNU) ကို မတရားအသင်းဖြစ် စစ်ကောင်စီတပ်က မနေ့ ဩဂုတ်လ ၂၈ ရက်မှာ ကြေညာခဲ့ပါတယ်။
စစ်ကောင်စီလက်အောက်ခံ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့က အကြမ်းဖက်မှု တိုက်ဖျက်ရေးဉပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င)၊ပုဒ်မ (၇၂)၊ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ KNUကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခဲ့တာလို့ ဆိုပါတယ်။
KNU ဟာ လမ်း၊ တံတားတွေကို ဖောက်ခွဲဖျက်ဆီးတဲ့အပြင် လူနေတဲ့ မြို့နဲ့ ကျေးရွာတွေကိုလည်း လက်နက်ကြီးနဲ့ ဒရုန်းပစ်ခတ်တိုက်ခိုက်တာ၊ ဒေသခံတွေကို သတ်ဖြတ်ပြီး အတင်းအဓမ္မ လူသစ်စုဆောင်းကာ နိုင်ငံပိုင်အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ဖျက်ဆီးတာ စတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို နိုင်ငံတော်အတွင်း အခြေပြုပြီး အကြမ်းဖက်မှုတွေကို ကျူးလွန်တာကြောင့်လို့ စစ်ကောင်စီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် KNU အပါအဝင် ၎င်းတို့နဲ့ ဆက်စပ်တဲ့ အဖွဲ့အစည်းတွေနဲ့ ပုဂ္ဂိုလ်တွေရဲ့ လုပ်ရပ်တွေဟာ တရားဉပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ အများပြည်သူရဲ့ အေးချမ်းသာယာရေးကို အနှောက်အယှက်ဖြစ်စေတယ်လို့ ယုံကြည်ယူဆတာကြောင့် စစ်ကောင်စီတပ်လက်အောက်ခံ ပြည်ထဲရေးဝန်ကြီးငှာနက မတရားအသင်းအဖြစ် ကြေညာလိုက်တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ် ထုတ်ပြန်တာနဲ့ ပတ်သက်ပြီး KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကတော့ စစ်ကောင်စီတပ် ကိုယ်တိုင်ကသာ အကြမ်းဖက် အာဏာသိမ်းထားတာလို့ မီဒီယာတွေမှာ ဖြေကြားထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။