အိုက်ပွီး၊ သြဂုတ် ၄ ရက်၊ မင်းတပ်
စစ်ကောင်စီက အရေးပေါ်အခြေအနေ ကြေညာထားတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့ကို မနေ့ သြဂုတ်လ ၃ရက် မနက် ၈ နာရီ မိနစ် ၅၀ အချိန်မှာ စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။
အဲဒီလေကြောင်း ဗုံးကြဲတိုက်ခိုက်မူကြောင့် အရပ်ပြည်သူတွေ ထိခိုက်မှုမရှိပေမယ့် လူနေအိမ် ၈ လုံးနဲ့ အစိုးရ အဆောက်အဦး ၂ လုံး ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။
“လူမရှိတဲ့နေရာမှာ ကြဲသွားတယ်ဆိုတော့ ထိခိုက်မှုတော့ မရှိဘူး။ နေအိမ် အဆောက်အဦးတော့ အတော်လေး ပျက်စီးသွားပါတယ်။ ဘယ်နှစ်လုံး ကြဲသွားလဲဆိုတာ မသိရဘူး။ ကြားလိုက်တဲ့ ဗုံးအသံက ဆက်နေတယ်”လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
မင်းတပ်မြို့နယ်ကို စစ်ကောင်စီတပ်က အရေးပေါ်အခြေအနေ ကြေညာထားပြီးနောက် ၃ ရက်မြောက်နေ့မှာပဲ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာဖြစ်ပြီး ဒေသခံတွေကလည်း စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်မှု မြှင့်တက်နေပါတယ်။
“ပြည်သူတွေက အရေးပေါ်အခြေအနေ ကြေညာလိုက်ကတည်းက စစ်ရေးနဲ့ပတ်သက်ပြီး စိုးရိမ်နေကြတာပါ။ အထူးသဖြင့် လေကြောင်းရန်ပေါ့။ ဒီလိုစိုးရိမ်နေတဲ့ကြားက စစ်ကောင်စီက လေကြောင်း တိုက်ခိုက်လိုက်တော့ ပိုဆိုးသွားတာပေါ့။ စိုးရိမ်မှု ပိုမြင့်တက်သွားတယ်”လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ချင်းပြည်နယ် မင်းတပ်မြို့နယ်အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ပလက်ဝ၊ မတူပီ၊ ကန်ပက်လက်၊ ထန်တလန်၊ ဖလမ်း စတဲ့မြို့နယ်တွေကို စစ်ကောင်စီက ဇူလိုင်လ ၃၁ ရက်နေ့က အရေးပေါ်အခြေနေ ကြေညာထားပါတယ်။
မင်းတပ်မြို့နယ်ကို CDF Mindat ပါဝင်တဲ့ ချင်းညီနောင် (CB) အဖွဲ့နဲ့ ပူးပေါင်းတပ်တို့က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက သိမ်းပိုက်ရရှိထားပြီး ထိန်းချုပ်ထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။