အိုက်ပွီး၊ သြဂုတ်လ ၅ရက်၊ ဟားခါး
ချင်းပြည်နယ်၊ ဟားခါးမြို့မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၃ရက်နေ့က HBC ခရစ်ယာန် ဘုရားကျောင်းကနေ ပြန်လာကြတဲ့ လူငယ် ၄၀ ခန့်ကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
“တနင်္ဂနွေ့နေ့ နေ့လယ်လောက်မှာ ဘုရားကျောင်းက ပြန်လာတဲ့ချိန် လမ်းမှာ ဖမ်းဆီးခံရတာပါ။ တချို့ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတဲ့သူတွေလည်း ဖမ်းဆီးခံရတယ်။ အရေအတွက် အတိကျမသိပေမယ့် ၄၀ လောက် ဖမ်းဆီးခံရပါတယ်။”
ဖမ်းဆီးခံရသူတွေဟာ ဘာအတွက်ကြောင့် ဖမ်းဆီးတာကို မသိရသလို အဲဒီထဲမှာ အမျိုးသမီးတချို့လည်း ပါဝင်ကြောင်း ၎င်းတို့ဟာ ဒီနေ့ သြဂုတ်လ ၅ရက်နေ့ မနက်ထိ တစ်ယောက်မှ ပြန်မလွတ်လာကြသေးဘူးလို့ သိရပါတယ်။
စစ်ကောင်စီခန့် ချင်းပြည်နယ်ဝန်ကြီးရဲ့ သား အပါအဝင် ဆောက်လုပ်ရေးပြည်နယ်ဦးစီးမှူး၊ နတလ၊ လဝက အစိုးရဝန်ထမ်းအချို့ CDF-Hakha က အခုရက်ပိုင်း ဖမ်းဆီးတဲ့သတင်းဆက်စပ်ပြီး လူငယ်တွေ ဖမ်းဆီးတာဖြစ်မယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
“ဟားခါးမှာ အခုရက်ပိုင်း စစ်ကောင်စီဝန်ထမ်းတချို့တွေကို CDF ဟားခါးက ဖမ်းဆီးထားတယ်။ ရွေးကောက်ပွဲ မဖြစ်မြောက်ဖို့ ဖမ်းဆီးထားတာလည်းဖြစ်မယ်။ ပြီးတော့မြို့ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာတွေရှိတယ်။ အဲဒါနဲ့ဆက်စပ်လို့ လူငယ်တွေကို ဖမ်းဆီးစစ်ဆေးတာနေမယ်။”
သြဂုတ်လ ၂ရက်နေ့ည ၉ နာရီခန့်က ဟားခါးမြို့ ၊ ပြည်တော်သာရပ်ကွက် CB ဘဏ်အနီးမှာ စစ်ကောင်စီနဲ့ရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ကားနှစ်စီးကို CDF-Hakha က တိုက်ခိုက်ခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။