အိုက်ပွီး၊ ဒီဇင်ဘာ ၁၂ ရက်၊ မတူပီ
ချင်းညီနောင် (CB) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့ပေါ်ကို ဒီနေ့ ဒီဇင်ဘာ ၁၂ ရက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီနေ့ နေ့လယ်ပိုင်းကစပြီး အချိန်တိုအတွင်း ဆက်တိုက်ဆိုသလို တိုက်ခိုက်ခဲ့တာဖြစ်ပြီး နေ့လယ် ၁၂ နာရီ ၁၅ နာရီက မကွေးလေတပ်မှ တက်လာတဲ့ ဂျက်ဖိုက်တာ (၂) စီးနဲ့ (၁၀) မိနစ်ခြား တစ်ကြိမ်စီ၊ စုစုပေါင်း (၃) ကြိမ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
စစ်ထောက်ပို့လေယာဉ် တစ်စီးနဲ့လည်း နေ့လယ် ၁၂ နာရီ ၂၀ မိနစ်ဝန်းကျင်မှာ နောက်ထပ် (၁) ကြိမ် ထပ်မံဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။
“မြို့ပေါ်ကို လာပြီး တခါတည်း ဗုံးကြဲသွားတာ။ အဝေးကနေ အသံတွေ ဆက်တိုက်ကြားနေရတယ်။ ၁၀ မိနစ်ခြား လေယာဥ်လာပြီး ဗုံးကြဲတာပါ။ ထိခိုက်မှုက ရှိနိုင်တယ်။” လို့ မတူပီဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ညနေ ၃ နာရီ ၁၀ မိနစ်မှာ တစ်ကြိမ်နဲ့ ၃ နာရီ ၃၀ မိနစ်မှာ တစ်ကြိမ် ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး (၅) ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုမှာ မြို့ပေါ်ဧရိယာအတွင်းသို့ တိုက်ရိုက်ကျရောက်ခဲ့တာဖြစ်ပေမယ့် လေယာဉ်တွေ ထပ်မံ လာရောက်နိုင်တဲ့ အန္တရာယ်ကြောင့် ဒေသခံတွေမှာ သွားရောက်စစ်ဆေးနိုင်တာ မရှိသေးဘဲ ထိခိုက်ပျက်စီးမှု အသေးစိတ်ကို မသိရသေးပါဘူး။
“ဗုံးကြဲတဲ့နေရာမှာ သွားမကြည့်ရသေးပါဘူး။ လေယာဥ်တွေ ထပ်လာမှာ စိုးရိမ်လို့ပါ။ ပျက်စီးမှုအခြေအနေကိုလည်း မသိသေးဘူး။ ပျက်စီးမှုက ရှိနိုင်ပါတယ်” လို့ ချင်းကာကွယ်ရေးတပ်(မတူပီ) ရဲဘော်တစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
စစ်ကောင်စီက ၎င်းတို့ ရွေးကောက်ပွဲကျင်းပဖို့ မဖြစ်နိုင်တဲ့ ချင်းပြည်နယ်တောင်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေကို တိုးမြှင့်လုပ်ဆောင်လာနေတာလို့လည်း ဆိုပါတယ်။
ဒီဇင်ဘာ ၉ ရက်နေ့ကလည်း ကန်ပက်လက်မြို့နယ်မှာ လေကြောင်း တိုက်ခိုက်ခဲ့ရာ နေအိမ် (၁၅) လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း မြို့နယ်လူသားစာနာရေးဌာနက ထုတ်ပြန်ထားပါတယ်။
အခု မတူပီမြို့ တိုက်ခိုက်ခံရမှုဟာ ကန်ပက်လက်မြို့ တိုက်ခိုက်ခံရပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ လေကြောင်းတိုက်ခိုက်မှု ထပ်မံဖြစ်ပွားလာတာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။