ယာရူစိင်၊ ဇူလိုင် ၂၃ ရက်၊ သီပေါ
PSLF/TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သီပေါမြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဇူလိုင် ၂၃ ရက် မနက် ၁၂ နာရီကျော်မှာ သီပေါမြို့ရှိ စစ်ကောင်စီရဲ့ စခန်းဟောင်းဖြစ်တဲ့ ခြေလျင်တပ်ရင်း (ခလရ ၂၃)စခန်းထဲရှိ ခန်းမဟောင်းကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၁ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
“တစ်လုံးပဲ လာကြဲသွားတာပါ။ ခန်းမအဟောင်းရဲ့အနားမှာ ကြဲသွားတာပေါ့။ အဆောက်အဦး ပျက်စီးတာတော့ ဘေးမှာပဲ ဗုံးက ကျတာဆိုတော့ ခန်းမရဲ့ တစ်ဖက်လောက်တော့ ပျက်သွားတယ်”
ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက် ည ၁၁ နာရီဝန်းကျင်မှာ သီပေါမြို့ရှိ ခလရ ၂၃ တပ်စခန်းထဲ ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး ၁ လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
သီပေါမြို့ကို စစ်တပ်က နှစ်ပတ်ကျော်အတွင်း လေကြောင်းကနေ ၅ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အဆောက်အဦး ၅ လုံးနဲ့ နေအိမ် ၁၀ လုံးထက်မနည်း ထိမှန်ပျက်စီးခဲ့ကာ ဒေသခံ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။