လွေးလာဝ်ဇာရ်၊ အောက်တိုဘာ ၂၁ ရက်၊ မိုးကုတ်
တအာင်းတပ်-PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ အရှေ့ပိုင်းမှာ စစ်ကောင်စီတပ်က ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၃ ဦးသေဆုံးပြီး အနည်းဆုံး ၄ ဦး ထိမှန် ဒဏ်ရာရခဲ့တာလို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ အောက်တိုဘာ ၂၁ ရက် နေ့လယ် ၃ နာရီဝန်းကျင်က ကန်တောင်ရှမ်းကျောင်းအနီး ဖူဆယ်ဘောလုံးကွင်းထဲကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ တစ်စီးနဲ့ ဗုံး ၁ လုံး လာရောက်ကြဲချခဲ့တာလို့ဆိုပါတယ်။
မြို့ခံ အမျိုးသားတစ်ဦးက “ဗုံးလာကြဲတာ ဟုတ်တယ်။ ဗုံး ၂ လုံးလာကြဲသွားဝာာ။ စေတီ ဘုရားငါးဆူဘက်မှာ ၁လုံး လာချတာ။ အဲမှာ လူထိခိုက်မှုတော့ များတယ် အတည်မပြုနိုင်သေးဘူး။ လောလောဆယ်တော့ ၃ ယောက် သေတယ်။ နောက်တစ်လုံးကတော့ ပိန်းဆွယ်ဘက်ပစ်သွားတာ”လို့ ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုနဲ့ ပတ်သတ်ပြီး အချက်အလက်အသေးစိတ်ကို သိရဖို့ ရွှေဖီမြေအနေနဲ့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
မနေ့ အောက်တိုဘာ ၂၀ ရက်မှာလည်း မိုင်းငေါ့မြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
PSLF/TNLA ထိန်းချုပ်ထားတဲ့ ဒေသတွေကိုအောက်တိုဘာ ၁ ရက်ကနေ ဒီနေ့အထိ စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွှေဖီမြေက ရရှိထားတဲ့ အချက်အလက်အရ သေဆုံးသူ ကလေး ၉ ဦးအပါအဝင် ၄၇ ဦးသေဆုံးခဲ့ပြီး ကလေး ၁၀ ဦးအပါအဝင် ၄၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။