ရွှေဖီမြေ၊ ဒီဇင်ဘာ ၂ ရက်၊ ကန့်ဘလူ
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် စံပါယ်နံ့သာက စစ်ကောင်စီတပ်ရဲ့ အထိုင်ဂိတ်မှာ တန့်ဆည်မြို့နယ်က ဒေသခံ ၁၁ ဦးကို ဖမ်းဆီးသွားပြီး ၄ ဦးကို သတ်ဖြတ်လိုက်တယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ဒီနေ့ ဒီဇင်ဘာ ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက် မနက် ၈ နာရီမှာ ဖားကန့် – တန့်ဆည်လမ်းကြောက ကားတစ်စီးထဲမှာ ပါလာတဲ့ ဒေသခံ ၁၁ ဦးကို စစ်ကောင်စီတပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးခံရသူ ၁၁ ဦးမှာ တန့်ဆည်နယ်ပြည်သူက အမျိုးသား ၉ ဦးနဲ့ မြေးအဖွား အမျိုးသမီး ၂ ဦး၊ ချောင်းဆုံ(တ)ရွာက အမျိုးသား ၄ ဦး၊ အသက် ၄၉ နှစ်နဲ့ အသက် ၃ နှစ်အရွယ် အမျိုးသမီး ၂ ဦး၊ ဒီပဲယင်းက အသက် ၆၀ ကျော် အမျိုးသား ၂ ဦး၊ အရာတော်က အသက် ၂၂ အရွယ် Tea ဆရာ ၁ ဦးနဲ့ နဘတ်ကြီးက ဂေါက်ရောဂါခံစားနေရတဲ့ အမျိုးသား ၁ ဦးတို့ ဖြစ်ပါတယ်။
အဲထဲမှ ထွက်ပြေးလွတ်မြောက်လာသူ နှစ်ဦးရှိပြီး တစ်ဦးက “တန့်ဆည်သားလို့ သိတဲ့ချိန်မှာပဲ အကုန်ဆင်းခိုင်းပြီး ရိုက်နှိပ်တာတွေ လုပ်တယ်။ ဝါးတုတ်၊ အစိုတုတ်တွေ၊ ခြေထောက်ကန်တာတွေ ရေမတိုက်ဘဲ ထမင်းမကျွေးဘဲ နှိပ်စက်နေကြတယ်” လို့ ၎င်းတို့ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
လွတ်မြောက်လာတဲ့ နောက်ထပ် အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦးကလည်း “ကျွန်တော်ဖားကန့်နေတာ ကြာလှပြီ။ မပြန်ရတာကြာလို့ ပြန်လာတာ။ ဖမ်းခံရတော့ တအားအံ့သြတာ ကိုယ်တိုင်ကြုံရမှ မယုံချင်လောက်အောင် ဖြစ်မိတာ။ ကျွန်တော်ဆို အတူတူနှိပ်စက်ခံကြရတဲ့ထဲမှာ နံရိုးတစ်ဖက်အထိ မခံနိုင်ဘူး။ နားရွက်တွေ ဓားနဲ့လှီးခံရတယ်။ ခြေလက်တွေရိုက်ခံရတာလဲ ရက်ရက်စက်စက်ဘဲ။ မပြေးနိုင်ဘဲ ပြန်မိတာလဲ မပြောနဲ့ နှိပ်စက်ခံထားရတဲ့ ဒဏ်က တအားခံရတာ” လို့ ပြောပါတယ်။
ကန့်ဘလူမြို့နယ်အတွင်းက ဗျူဟာလမ်းကြောသုံးစွဲတဲ့ ဒေသခံလူထုအနေတွေနဲ့ မမေးမြန်းဘဲ သွားလာတာတွေ မလုပ်ဖို့၊ သွားလာဖို့ လိုအပ်ရင်လည်း တခြားလမ်းကြောင်းကနေ သွားလာလို့ ရမရ သေချာစုံစမ်းသင့်ကြောင်း ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က တိုက်တွန်းထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။