လွေးလာဝ်ဇာရ်၊ ဒီဇင်ဘာ ၁၂ ရက်၊ တောင်ကြီး
ရှမ်းတောင် ဟိုပုံးနဲ့ တောင်ကြီးလမ်းမကြီးပေါ်ရှိ စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်နဲ့ စစ်တပ်လက်အောက်ခံဖြစ်တဲ့ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့က ဖြတ်သန်းသွားလာနေတဲ့ ကုန်ကားတစ်စီးကို ငွေ သိန်းချီတောင်းခံနေတယ်လို့ ကြုံခဲ့သူ ကားသမားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီဇင်ဘာ ၁၀ ရက်မှာ ဟုံပုံး- တောင်ကြီးလမ်းမကြီးပေါ်ရှိ တိုးဂိတ်မှာ စစ်ကောင်စီတပ်နဲ့ PNO အဖွဲ့က ကုန်တင်ကားနဲ့ အိမ်စီးကားတွေထံ ကျပ်ငွေ ၆ သောင်းကနေ ၁ သိန်းခွဲအထိ တောင်းခံနေတာလို့ ဆိုပါတယ်။
ဖြစ်စဉ်ကြုံခဲ့သူ ကားသမားတစ်ဦးက “မနေ့က ကျနော်လည်း ပေးရတယ်။ ကားအမျိုးအစား ကုန်အမျိုးအစားခွဲပြီးမှကို တောင်းတာ။ တောင်းတဲ့ပုံစံလည်း တစ်ယောက်နဲ့တစ်ယောက်လည်းမတူဘူး။ အနည်းဆုံး ၆ သောင်းကနေ ၁ သိန်းခွဲအထိပေးရတယ်။ ကုန်အခြေအနေကြည့်တယ်။ လူအခြေအနေကြည့်တယ်။ ကြည့်ပြီးမှ တချို့လည်း ၉ သောင်း၊ တချို့လည်း ၁ သိန်း ၂ သောင်း ပေးရတာ။ စကားပြောတက်ရင် ပြောတက်သလို ပေးရတာ” လို့ ပြောပါတယ်။
ဒါ့အပြင် ကုန်ကားသမားတွေထံ ငွေတောင်းခံခဲ့တဲ့အပြင် ကုန်ကားတွေကိုလည်း အတင်းအကြပ် စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ အထပ်ပါသူက ဆက်ပြောပါတယ်။
“သူတို့က နေ့တိုင်းတော့ မဟုတ်ဘူး။ စောင့်တော့စောင့်တယ် ပေးသလောက်ဘဲ ယူတယ်။ သူတို့သုံးစရာမရှိဘူးဆိုရင် ပြန်တောင်းပြီ။ တချို့ရက်ကျတော့ သတင်းတစ်ခုခုရပြီဆိုရင် သူတို့တောင်းသလောက်ပေးရတယ်။ လာသမျှကားတွေကို လမ်းဘေးမှာ ထိုးခိုင်းပြီးမှ စစ်ဆေးတာ။ မသင်္ကာတော့ဘူးဆိုရင် အဲကားသမားတော့ ခံရပြီ” လို့ ပြောပါတယ်။
ဟိုပုံးနဲ့ တောင်ကြီး လမ်းက စစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီတပ်နဲ့ ၎င်းတို့လက်အောက်ခံဖြစ်တဲ့ PNOတပ်တွေက ကုန်ကားတွေကို မထင်ရင် မထင်သလို စစ်ဆေးတင်းကြပ်နေတာကြောင့် ကားသမားတွေ အခက်အခဲကြုံတွေ့နေရတယ်လို့ ကားသမားတစ်ဦးက ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။