ရဲမာန်၊ အောက်တိုဘာ ၃၁ ရက်၊ ပုလဲ
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ချင်ပြစ်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့အောက်တိုဘာ ၃၀ ရက် မနက် ၁၀ ခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။
“ပစ်ချသည့်နေရာကတော့ ကိုဇော်မင်းနိုင်အိမ်တောင်ဘက် လမ်းပေါ် တစ်လုံး အုန်းပင် နားတစ်လုံး။ အစကတော့ ၁ ဦးထဲ ဒဏ်ရာရတာပါ။ စီစစ်ပီးနောက်ပိုင်းတော့ ထိခိုက်တာ ၅ ဦးထိ ရှိလာပါတယ်”
၎င်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ပုလဲမြို့နယ်ကို ရေနံလာရောင်းတဲ့ မြိုင်မြို့နယ် သမင်ချောက်ရွာသား တစ်ဦးသေဆုံးခဲ့ပြီး နေအိမ် ၂ လုံးလည်း ထိမှန်ပျက်စီးခဲ့ပါတယ်။
မနေ့ အောက်တိုဘာ ၃၀ ရက် ညနေ ၄ နာရီခွဲဝန်းကျင်မှာလည်း ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းတိုက်နယ်၊ ကုန်ဘွေရွာကို စစ်ကော်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသမီးတွေအပါအဝင် ၅ ဦး သေဆုံးပြီး ၁၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက် ည ၁၀ နာရီဝန်းကျင်မှာလည်း စစ်ကောင်စီတပ်က ကသာမြို့နယ် ညောင်ခြေထောက်ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံး ၃ လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ၁၀ နှစ်သား ကလေးတစ်ဦးအပါအဝင် ၅ ဦး သေဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။