မိုင်းရူပ၊ အောက်တိုဘာ ၃၁ ရက်၊ စဥ့်ကူး
မန္တလေး-PDF နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း စဥ့်ကူးမြို့နယ် လက်ပန်လှရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အမျိုးသမီး ၂ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ရွှေဖီမြေ က စုံစမ်းသိရှိရပါတယ်။
မနေ့ အောက်တိုဘာ ၃၀ ရက် နေ့လည် ၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လက်ပန်လှရွာထဲကို ဂျက်လေယာဉ်နဲ့ ဗုံး ၄ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦး သေဆုံးပြီး အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ နေအိမ်ဆယ်နဲ့ချီလည်း ပျက်စီးခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူအမျိုးသားတစ်ဦးက ရွှေဖီမြေ ကို ပြောပါတယ်။
“ဂျက်နဲ့ ၄ ကြိမ် လာကြဲသွားတာ။ သေဆုံးတာက ၂ ယောက်၊ ဒဏ်ရာရတာ ၂ ယောက်ရှိတယ်။ အိမ်အပျက်အစီးတွေလည်း အများကြီးရှိတယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် မနေ့ည ၁၁ နာရီဝန်းကျင်မှာလည်း လက်ပန်လှရွာထဲကို စစ်ကောင်စီက ဗုံးထပ်မံ ကြဲချခဲ့ပြီး နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။
လက်ပန်လှကျေးရွာဟာ မန္တလေး–မိုးကုတ်လမ်းမပေါ်မှာ တည်ရှိကာ စစ်ကောင်စီတပ်က လေယာဉ်၊ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ မကြာခဏ ပြုလုပ်နေပြီး အရပ်သားတွေ မကြာခဏ သေဆုံးနေကြရပါတယ်။
စစ်ကောင်စီတပ်ဟာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ စဥ့်ကူးမြို့နယ်အပါအဝင် သပိတ်ကျင်း၊ မတ္တရာမြို့နယ်ထဲကို ထိုးစစ်ဆင်မှုတွေ ဆက်တိုက်လုပ်ဆောင်နေသလို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကိုလည်း ဆက်တိုက် ပြုလုပ်နေပါတယ်။
အောက်တိုဘာ ၂၆ ရက်မှာလည်း စဥ့်ကူးမြို့နယ် ပတ်လည်အင်းရွာကို စစ်ကောင်စီက ဂျက်လေယာဉ် ၂ စီးနဲ့ ဗုံး ၆ လုံး ကြဲချတိုက်ခဲ့ပြီး လူလတ်တန်းအမျိုးသားတစ်ဦး သေဆုံးခဲ့ကာ ၆ ဦး ဒဏ်ရာရခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။