ရဲမာန်၊ ဩဂုတ် ၁၉ ရက်၊ ဆားလင်းကြီး
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်တောင်ရွာကို စစ်တပ်က စက်တပ် လေထီးနဲ့ ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ Monywa Roads Information- MRI ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဩဂုတ် ၁၈ ရက် နေ့လယ် ၂ နာရီခွဲခန့်မှာ လေထီးတစ်စီးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ၎င်းက ပြောပါတယ်။
“တိုက်ပွဲမရှိလည်း ကြဲတာဆိုတော့ ပြည်သူတွေအနေနဲ့ လက်နက်ကြီးနဲ့ လေကြောင်း အန္တရာယ်ကနေ ဂရုစိုက် နေထိုင်ကြဖို့ အကြံပြုချင်ပါတယ်” ဆိုပြီး MRI ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
သေဆုံးသူဟာ ဒေါ်သောင်းခင်ဖြစ်ပြီး ဒဏ်ရာ ရရှိသူတွေကတော့ အမျိုးသားတွေ ဖြစ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
အရှေ့ကျောက္ကာဘက် စစ်တပ်က ၁၂ ရက်နီးပါး စစ်ကြောင်း ထိုးလာတာကြောင့် လူထုတွေ စစ်ရှောင်နေရတဲ့အပြင် စားနပ်ရိက္ခာ လိုအပ်ချက်တွေလည်း ရှိနေတယ်လို့ သူက ပြောပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။