ရွှေဖီမြေ၊ အောက်တိုဘာ ၁၃ ရက်
မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – MDY (PDF) စိုးမိုးနယ်မြေဖြစ်တဲ့ စဉ့်ကူးမြို့နယ်အတွင်းမှာ Starlink အင်တာနက်ကို စည်းမျဉ်းစည်းကမ်းနဲ့အညီ အသုံးမပြုတဲ့ နေအိမ်နဲ့ ကျင့်ဝတ်ကို လိုက်နာမှုမရှိတဲ့ တပ်ဖွဲ့ဝင်တွေကို အလေးထားအရေးယူဆောင်ရွက်သွားမယ်လို့ MDY PDF က ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီတပ် လေကြောင်းကနေ မကြာခဏဗုံးကြဲခံနေရတဲ့ စဥ့်ကူးမြို့နယ်မှာ MDY PDF က Starlink အင်တာနက် အသုံးပြုမှုကို စည်းမျဉ်းစည်းကမ်းနဲ့ ညွှန်ကြားချက်တွေထုတ်ပြီး ကြီးကြပ်ဆောင်ရွက်တာတွေ ပြုလုပ်လျက်ရှိပါတယ်။
အဲဒီစည်းမျဥ်းစည်းကမ်းတွေကို ချိုးဖောက်တဲ့ နေအိမ်ရဲ့ Starlink အင်တာနက်ကို သိမ်းစည်းဖို့ လုပ်နေတဲ့ တပ်ဖွဲ့ဝင်တွေဟာ ပြည်သူလူထုနဲ့ စကားများရန်ဖြစ်ကြတဲ့ ဗွီဒီရိုဖိုင်က အွန်လိုင်းပေါ်မှာ ပျံနှံ့လာခဲ့ပါတယ်။
ဒါကြောင့် ကျင့်ဝတ်နဲ့အညီ ဆောင်ရွက်မှုမရှိတဲ့ အဲဒီတပ်သားတွေနဲ့ Starlink အင်တာနက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်တဲ့ နေအိမ်ကို အရေးယူဆောင်ရွက်သွားမယ်လို့ MDY PDF က မနေ့ အောက်တိုဘာ ၂ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
စဉ့်ကူးမြို့နယ်မှာ MDY PDF က ဥပဒေစိုးမိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ သတင်းတွေပေါက်ကြားနေတာကြောင့်နဲ့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတာကြောင့် Starlink အင်တာနက် အသုံးပြုမှုကို စည်းမျဉ်းစည်းကမ်းနဲ့အညီ ဖွင့်ဖို့ ညွှန်ကြားထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။