အိုက်ပွီး၊ သြဂုတ် ၁၉ ရက်၊ မတူပီ
ချင်းပြည်နယ် မတူပီမြို့နယ်မှာ MRO/CDF-Matupi က သြဂုတ် ၆ ရက်ကစပြီး လူငယ်တွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးနေပြီး လူငယ်တွေ ရာနဲ့ချီ ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။
MRO/CDF-Matupi က အခုလို လူငယ်တွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးမှုကြောင့် မတူပီမြို့နယ်က လူငယ်တွေဟာ စစ်မှုထမ်းရမှာကို စိုးရိမ်မှု မြင့်တက်နေပြီး အများစုဟာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
“မတူပီမြို့ပေါ်အပါအဝင် MRO/CDF-Matupi ထိန်းချုပ်နယ်မြေထဲက လူငယ်တွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးနေတာပါ။ အခုဆို လူငယ်တွေ တစ်ရာကျော်လောက် ဖမ်းဆီးခံရတယ်။ အများစုက ကျောင်းသားတွေ ဖြစ်နေတယ်” လို့ မတူပီမြို့နယ် ချန်းပြန်ရွာခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
MRO/CDF-Matupi က စစ်မှုထမ်းဖို့ ဖမ်းဆီးရာမှာ ကျောင်းသားကျောင်းသူတွေ စာသင်နေကြစဉ် ကျောင်းခန်းထဲအထိ လာရောက်ပြီး ဖမ်းဆီးမှုလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
“ပြီးခဲ့တဲ့ သြဂုတ်လ ၇ ရက်၊ ၆ ရက်နေ့ကဆို မတူပီမြို့ပေါ် စာသင်ကျောင်းတွေက ကျောင်းသားတွေ၊ ဆရာတွေပါ အယောက် ၈၀ လောက် ဖမ်းဆီးခံရတယ်။ ရွာဘက်က ကျောင်းတွေမှာလည်း ဆက်တိုက် ဖမ်းဆီးမှုတွေ ပြုလုပ်နေတယ်” လို့ မတူပီမြို့ခံ CDM ကျောင်းဆရာတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၂ ရက်ကလည်း ချန်းပြန်ရွာ စာသင်ကျောင်းထဲ MRO/CDF-Matupi ရဲဘော်တွေ ဝင်ရောက်စီးနင်း ဖမ်းဆီးရာ ကျောင်းသားကျောင်းသူတွေ၊ ကျောင်းဆရာဆရာမတွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။
MRO/CDF-Matupi ခန့်ထားတဲ့ ချန်းပြန်ကျေးရွာ အုပ်ချုပ်ရေးမှူးက ကျောင်းသားတွေကို မဖမ်းဖို့ တားမြစ်ရာကနေ ကျေးရွာအုပ်ချုပ်ရေးမှူးပါ ဖမ်းဆီးခံရတယ်လို့ ဆိုပါတယ်။
မတူပီမြို့နယ် အိုင်ဒါပ်တိုက်နယ်က ကျေးရွာမှာ MRO/CDF-Matupi ရဲ့ အတင်းအဓမ္မ စစ်မှုထမ်းဖို့ လူငယ်တွေ ဖမ်းဆီးမှုကို အိုင်ဒါပ်တိုက်နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သြဂုတ် ၁၂ ရက်က ကန့်ကွက်ထားပါတယ်။
ဒါ့အပြင် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ထားသူအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ MRO/CDF-Matupi ကို တောင်းဆိုထားပါတယ်။
MRO/CDF-Matupi ဟာ ချင်းညီနောင်- CB အဖွဲ့ဝင်ဖြစ်ပြီး မတူမြို့ကို ချင်းညီနောင်အဖွဲ့က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ သိမ်းပိုက်ရရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။