မိုင်းရူပ၊ နိုဝင်ဘာ ၁၀ ရက်၊ မတ္တရာ
မန္တလေးတိုင်း မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်အကြား တစ်နေ့ထက်တစ်နေ့ တိုက်ပွဲ ပိုမိုပြင်းထန်လာတာကြောင့် လူထုအနေနဲ့ စစ်ရေးသတိ ရှိကြဖို့ လိုအပ်ကြောင်း မန္တလေး PDF က ဒီနေ့ ထုတ်ပြန်လာပါတယ်။
စစ်တပ်က သာလွန်အင်အားကို အသုံးပြုပြီး ထိုးစစ်ဆင်တိုက်ခိုက်မှု ဆက်လက် ပြုလုပ်နေတာကြောင့် မန္တလေး PDF ထိန်းချုပ်နယ်မြေထဲ နေထိုင်သူအနေနဲ့ တိုက်ပွဲ ဖြစ်ပွားနိုင်တဲ့ အခြေအနေကို ကြိုတင်ပြင်ဆင်ထားဖို့နဲ့ အန္တရာယ်ကင်းဖို့ လိုအပ်တဲ့ အစီအမံတွေကို ကြိုတင်ပြင်ဆင်ထားဖို့ မန္တလေး PDF က တိုက်တွန်းထားပါတယ်။
မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်ကို စစ်တပ်က ရွေးကောက်ပွဲ ကျင်းပမယ့် နယ်မြေထဲ ထည့်သွင်းထားတာကြောင့် ဒီနယ်မြေတွေကို ပြန်ရဖို့ ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
မန္တလေး PDF အနေနဲ့ စစ်တပ်ရဲ့ ထိုးစစ်ကို ကိုယ်စွမ်း၊ ဉာဏ်စွမ်း အပြည့်အဝ အသုံးပြုပြီး ကာကွယ်သွားမယ်ဆိုပြီး တော်လှန်ရေးရဲ့ အဆုံးသတ် ပန်းတိုင်ကို ချီတက်သွားမယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
လက်ရှိအချိန်ထိ စစ်တပ်ဟာ သပိတ်ကျင်းမြို့အပါအဝင် မတ္တရာမြို့နယ်ထဲက နေရာအများစုကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး တော်လှန်ရေးတပ်ဘက်က ထိန်းချုပ်နယ်မြေတွေကို လက်လွှတ်နေရတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“အခု ဖော်တော့လမ်းဆုံမှာ ရောက်နေတဲ့ စကစက ဘန်ကာတွေ အခိုင်အမာ ပြုလုပ်နေတယ်။ အခုက မိုးကုတ်ဘက်ကိုလည်း တက်နိုင်သလို စဉ့်ကူးဘက်ကိုလည်း ထိုးလာနိုင်တယ်။ မတ္တရာမှာတော့ ဆည်တော်ကြီးကို ပြန်ရပြီးနောက်ပိုင်း စဉ့်ကူးဘက်ကိုလည်း ထိုးလာနိုင်တယ်” လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။
စစ်တပ်ဟာ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်အတွင်း ၎င်းတို့ လက်လွှတ်ထားရတဲ့ နေရာတွေကို ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပြီးတော့ လေကြောင်း တိုက်ခိုက်မှုလည်း ဆက်တိုက် ပြုလုပ်နေပါတယ်။
ဒါ့အပြင် စစ်တပ်ဟာ တအာင်းတပ်- TNLA၊ ကိုးကန့်တပ်- MNDAA နဲ့ အပစ်ရပ်ပြီးနောက် မန္တလေး၊ စစ်ကိုင်းတိုင်းအတွင်းရှိ PDF ထိန်းချုပ်နယ်မြေတွေကို ထိုးစစ်ဆင်တိုက်ခိုက်မှု ပြုလုပ်လာနိုင်တယ်လို့ စစ်ရေး အကဲခတ်တွေက သုံးသပ်ကြပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။