လွေးဇွန်မိုး၊ ဧပြီ ၃၀ ရက်၊ ကွတ်ခိုင်
တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ်မှာ လုပ်ငန်းလိုင်စင်အချို့ ပြုလုပ်ရာ အချိန်ကြန့်ကြာမှုတွေရှိနေလို့ ဒေသခံတွေ အခက်တွေ့နေတယ်လို့ ရွှေဖီမြေကို ပြောပါတယ်။
လုပ်ငန်းလိုင်စင်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလက စတင်ထုတ်ပေးတာဖြစ်ပြီး သွားလျောက်ထားပေမယ့် လက်ရှိ ၄ လနီးပါးကြာတဲ့အထိ လုပ်ငန်းအချို့ လိုင်စင်ထုတ်ပေးတာမရှိသေးဘူးလို့ ကွတ်ခိုင်မြို့မှာ ဆိုင်ဖွင့်တဲ့ မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“လုပ်ခိုင်းလို့လာလုပ်တယ်။ လူကြီးမရှိဘူးဆိုတာတွေရော။ ဟိုနေ့ ဒီလ ဟိုရွှေ့ ဒီရွှေ့နဲ့ ဖုန်းဆက်ခေါ်မယ်ဆိုပြီး ဖုန်းနံပါတ်တွေယူထား။ ပြန်လည်း မဆက်သွယ်ဘူး။ ရှစ်ခါလောက်ရှိပြီ။ သူတို့ကလည်း လုပ်မပေးပဲ ခဏခဏ လာစစ်ကြတာ။ ခဏခဏရုံးကိုခေါ် ဟိုအကြောင်းပြ ဒီအကြောင်းပြပြီး ပြန်လွှတ်ခံရတဲ့သူတွေလည်း မနည်းဘူး။ လိုင်စင်လုပ်မပေးတာက တစ်ဖွဲ့။ လာစစ်ကြတာက တစ်ဖွဲ့ဖြစ်နေတယ်”လို့ ပြောပါတယ်။
လုပ်ငန်းလိုင်စင် လျောက်ထားရာမှာ စားသောက်ဆိုင်၊ ကုန်စုံဆိုင်၊ အထည်ဆိုင်၊ မိတ္တူဆိုင်စတဲ့ အသေးစားလုပ်ငန်းနဲ့ ဓာတ်ဆီဆိုင်၊ ဟိုတည်၊ တည်းခိုခန်း၊ KTV ၊ Bar နဲ့ အုတ်၊ သဲ၊ ကျောက်လုပ်ငန်းလို အကြီးစားလုပ်ငန်းအတွက်ဆိုပြီး နှစ်မျိုးခွဲထားတယ်လို့ ဆိုပါတယ်။
မိတ္တူဆိုင်ဖွင့်ထားတဲ့ ဒေသခံ အမျိုးသမီး တစ်ဦးက ”အကုန်လျှောက်ရတာ။ လုပ်ငန်းသေးနဲ့ လုပ်ငန်းကြီးနဲ့ အဲလိုတော့ ကွဲသွားတယ်။ အစ်မတို့လို ဆိုင်အသေးတွေကျ လုပ်ငန်းလိုင်စင် ဆိုင်လိုင်စင်ပေါ့။ အဲဒီလောက်ပဲ လျှောက်ရတယ်။ လုပ်ငန်းကြီးသွားတဲ့ KTV ပိုင်းတို့ အုတ်၊ သဲ၊ ကျောက် တို့ကျတော့ လိုင်စင်တစ်မျိုးပြန်လျှောက်ရတယ်။ သူတို့ကကျတော့ ရဲစခန်းအထိထောက်ခံစာယူရတယ်။ အမတို့လို ဆိုင်အသေးတို့ စားသောက်ဆိုင်တို့ အဝတ်အစားဆိုင်တို့ ဒီလိုမျိုး မိတ္တူဆိုင်တို့ကျတော့ လုပ်ငန်းကြီးထဲမပါဘူး။ ဒီနေ့လုပ်ရင် ဒီနေ့ရတယ်” လို့ ပြောပါတယ်။
လိုင်စင်လျှောက်ရာမှာ သတ်မှတ်ထားတဲ့ ထောက်ခံစာနဲ့ လိုအပ်တဲ့စာရွက်စာတမ်းတွေ ပြည့်စုံရင် အချိန်ဆွဲတာမရှိပဲ ချက်ချင်းလုပ်ပေးတယ်လို့ ကွတ်ခိုင်မြို့နယ် TNLA ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“မာဆက်တို့ KTV တို့ တည်းခိုခန်းတို့ အရက်ချက်လုပ်ငန်းတို့ဆိုရင်တော့ ရဲစခန်းနဲ့ ထွေအုပ်ထောက်ခံစာယူခိုင်းတယ်။ စားသောက်ဆိုင်သေးသေးလေးတို့လို အသေးစား လုပ်ငန်းတွေကျတော့ ဘာထောက်ခံစာမှ မလိုပါဘူး။ ကျနော်တို့ အကုန်လုပ်ပေးပါတယ်။ ပုဂ္ဂလိက ဆေးရုံတို့ ဆေးဆိုင်တို့၊ ဆေးခန်းတို့လို ဆေးဝါးနဲ့ပတ်သတ်တဲ့ဟာတွေကျတော့ ပြည်သူ့ဆေးရုံရဲ့ ထောက်ခံစာရမှ ကျနော်တို့ဘက်က လုပ်ငန်းလိုင်စင်ထုတ်ပေးမှာ ဖြစ်ပါတယ်”လို့ ဆိုထားပါတယ်။
ကွတ်ခိုင်မြို့နယ်ကို ၁၀၂၇ ပထမလှိုင်းအတွင်း ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၇ ရက်နေ့မှာ TNLA တပ်က သိမ်းယူနိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ TNLA ရဲ့ အုပ်ချုပ်ရေး ယန္တရားတွေ ပြန်လည်လည်ပတ် နေပြီဖြစ်ပါတယ်။