ဓာတ်ပုံ- Local

ပို့လဘား၊ ဧပြီ ၂၄ ရက်၊ နမ့်ခမ်း

ရှမ်းမြောက် နမ့်ခမ်းမြို့နယ် မန်စပ်ကျေးရွာအုပ်စု မန်စပ်ရွာမှာ ဆီလီကွန်ကျောက် သတ္တုတူးဖော်မှုကို ဒေသခံတွေက ကန့်ကွက်နေကြပါတယ်။

မန်စပ်ရွာမှာရှိတဲ့ မြန်မာရွှေသီးနှံကုမ္ပဏီဟာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကတည်းက ဒေသခံတွေရဲ့ ခွင့်ပြုချက်မရဘဲ ‌ဆီလီကွန်ကျောက်သတ္တုကို အလွန်အကျွံ တူးဖော်‌တာကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင် ထိခိုက်ပျက်စီးတာအပြင် လူ့အခွင့်အရေး ချိုးဖောက်မှု‌လည်း ဖြစ်‌ပေါ်ခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှာ ကုမ္ပဏီရဲ့ လုပ်ငန်းလိုင်စင် သက်တမ်း ကုန်ဆုံးခဲ့ပေမဲ့ မြန်မာရွှေသီးနှံကုမ္ပဏီက လုပ်ငန်းကို ရပ်ဆိုင်းတာမရှိဘဲ ဆီလီကွန်ကျောက် အလွန်အကျွံ ဆက်လက် ထုတ်ယူပြီး တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့ရဲ့ လိုင်စင်သက်တမ်းက ၂၀၂၄ နှစ်ကုန်မှာ ကုန်တာဖြစ်တယ်။ အဲဒီသက်တမ်း ကုန်ခဲ့တဲ့အချိန်မှာ လူထုတွေက ဒီလုပ်ငန်းကို ရှေ့ဆက်သွားနိုင်ဖို့ ကျနော်တို့ကို လာတိုင်ပင်ပါ ခွင့်ပြုချက်တွေ လာယူပါလို့ ကမ်းလှမ်းချက်တွေ ပေးခဲ့တာ ရှိတယ်။ ဒါပေမဲ့ သူတို့လာညှိနှိုင်းတာ မရှိခဲ့ဘူး။ လာမညှိနှိုင်းတဲ့အပြင် သူတို့က ကျောက်တူးတာတွေ ကျောက်ခွဲတာတွေ ဒီနေ့ဒီအချိန်ထိ လည်ပတ်နေတာ ရှိတယ်”

ဒါ့အပြင် မြန်မာရွှေသီးနှံကုမ္ပဏီနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးက ဒေသခံတွေဆီ ဆွေးနွေးတိုင်ပင်တာမရှိဘဲ သတ္တုတူးဖော်ရေးစီမံကိန်းကို ဆက်လက် တူးဖော်ဖို့ ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်မှာ နှစ်ဦးသဘောတူညီချက် စာချုပ်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ သဘောတူညီမှုစာချုပ်နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်က ကုမ္ပဏီနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို ဒေသခံတွေက အများပြည်သူရှေ့ ဖြေရှင်းပေးဖို့ အစည်းအဝေး တက်ရောက်ဖို့အတွက် ဖိတ်ကြားခဲ့ပေမဲ့ တက်ရောက်ခြင်း မရှိဘူးလို့ ဆိုပါတယ်။

“အခုဒီကုမ္ပဏီက ကျနော်တို့လူထုတွေရဲ့ ထောက်ခံချက်ကို ရရှိဖို့ ပြီးခဲ့တဲ့ ၁၂ ရက်က အုပ်ချုပ်ရေးမှူးနဲ့ လျှို့ဝှက်စွာ စာချုပ်တွေ ချုပ်ခဲ့ကြတာပေါ့နော်။ အဲဒီစာချုပ်ကို ကျနော်တို့လူထုတွေရဲ့ ဆန္ဒမပါဘဲ ပြင်းထန်စွာ ကန့်ကွတ်ရှူတ်ချတယ်။ သူတို့သဘောတူတဲ့ စာချုပ်ထဲမှာ ဘာပါလဲဆိုတော့ ကျောက်ရော မြေလမ်း ပြုပြင်ပေးမယ်လို့ စာချုပ်ထဲမှာပါတယ်။ အဲဟာနဲ့ပတ်သက်ပြီး ကျေးရွာလူထု‌တွေက အလိုမရှိဘူး။ အသိအမှတ် မပြုဘူး”

မန်စပ်ရွာမှာရှိတဲ့ ကော်မတီအဖွဲ့ဝင်ဟာ ဆီလီကွန်ကျောက် တူးဖော်တာတွေ ရပ်တန့်ပေးဖို့ ကုမ္ပဏီထံ အကြိမ်ကြိမ် စာပေးပို့ခဲ့ပေမဲ့ ကုမ္ပဏီဘက်က ဒေသခံတွေရဲ့ တောင်းဆိုချက်ကို လာရောက် ဖြေရှင်းပေးတာ မရှိခဲ့ဘူးလို့ ပြောပါတယ်။

အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ကျေးရွာအတွင်း ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်လာရင် ကုမ္ပဏီနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကသာ တာဝန်ယူ ဖြေရှင်းပေးရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။