ရဲမာန်၊ နိုဝင်ဘာ ၁၁ ရက်၊ ဒီပဲယင်း
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်က ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားတွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
မနေ့ နိုဝင်ဘာ ၁၀ ရက် နေ့လယ် ၃ နာရီကနေ ညနေ ၆ နာရီအထိ ဂျက်ဖိုက်တာနဲ့ ဗုံး ၅ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Free Rangers- Depeyin မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ဒီပဲယင်းမြို့နယ် ဆပ်ပြာကျင်းရွာနဲ့ ကျွန်းတောလေးရွာကို ကြဲသွားတာပါ။ ပထမ မိတ္ထီလာတက် ဂျက်ဖိုက်တာနဲ့ ဆပ်ပြာကျင်းရွာကို ပေါင် ၂၅၀ ဗုံးနှစ်လုံးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ဒုတိယအကြိမ်က ကျွန်းတောရွာပါ။ တစ်စီး ကြဲပြီး မကြာခင်ပဲ ဆက်တိုက် ကြဲတာပါ။ ကျွန်းတောရွာက ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာ ရပြီး ဆပ်ပြာကျင်းရွာက ပြည်သူတော့ အတိအကျ မသိသေးဘူး”
ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားတချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အပြင် နေအိမ် ၇ လုံးလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
“အခုလို စကမတွေရဲ့ လူမဆန်တဲ့ လုပ်ရပ်ကိုတော့ ကန့်ကွက်ပါတယ်”
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက် ညနေ ၄ နာရီခွဲမှာ စစ်တပ်က ဒီပဲယင်းမြို့နယ် ဘုတ္ထန်းရွာကိုလည်း လေကြောင်းကနေ ဗုံး ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၄ ရက်မှာ စစ်တပ်က ဒီပဲယင်းမြို့နယ် အိုးထိမ်းကွင်းရွာရှိ စာသင်ကျောင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းသားကျောင်းသူအပါအဝင် ၂၄ ဦး သေဆုံးခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။