ပို့လဘား၊ ဩဂုတ် ၂ ရက်၊ ပင်လောင်း
ရှမ်းတောင် ပင်လောင်းမြို့နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြေပြိုမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ဒီနေ့ ဩဂုတ် ၂ ရက် မနက် ၁၁ နာရီမှာ ပင်လောင်းမြို့နယ် ထီဝါးလီရွာမှာ မိုးရွာသွန်းမှုကြောင့် စာသင်ကျောင်းပေါ်ကို မြေပြိုမှုဖြစ်ပွားခဲ့ပြီး စာသင်ကျောင်းတစ်ခုလုံး ထိခိုက်ပျက်စီးသွားခဲ့ကာ ဒေသခံတစ်ချို့က ပင်လောင်းမြို့နဲ့ နီးစပ်ရာနေရာတွေမှာ သွားရောက်ခိုလှုံနေကြရတယ်လို့ ပြောပါတယ်။
“မိုးက နေ့တိုင်းရွာတယ် ဒီနေ့မနက်က မနားတော့ဘူး။မိုးတအားကြီးတယ်။ စာသင်ကျောင်းလည်း မရှိတော့ဘူး။ အကုန်လုံးပါသွားပြီ။ ကျောင်းသားတွေက အရင်ပြေးလို့ လွတ်သွားတယ်။ မနက်က မိုးကြီးတော့ ကျောင်းသားတွေက ဆရာမကိုပြောတယ်။ အိမ်ပြန်မယ်အိမ်ပြန်မယ်ဆိုပြီး မကြာဘူး မြေပြိုသွားတယ်။ ရေလဲကြီးတယ်။ အဲနားတစ်ဝိုက်က မနေရဲကြတော့ဘူး” လို့ ပြောပါတယ်။
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး ပင်လောင်းမြို့နယ်ရှိ ထီဝါးလီရွာနဲ့ လွယ်မောင်းရွာက ဒေသခံတွေဟာ ဘေးလွတ်ရာနေရာကို ရွှေ့ပြောင်းနေထိုင်ဖို့ အရေးပေါ်အကူအညီလိုအပ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပင်လောင်းမြို့ပေါ်မှာလည်း ရေကြီးရေလျှံမှုတွေဖြစ်ပြီး ချောင်းအနီးမှာရှိတဲ့ နေအိမ်တွေထဲ ရေဝင်ရောက်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်ကလည်း ပင်းတယမြို့နယ်မှာ မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ပြီး လူထိခိုက်သေဆုံးခဲ့တဲ့အပြင် လမ်း၊တံတားတွေလည်း ကျိုးကျပျက်စီးခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။