လွေးဇွန်မိုး၊ မတ်လ ၁၃ ရက်၊ ကွတ်ခိုင်
တအာင်းတပ်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် မိုင်းပူးကျေးရွာအုပ်စု လုံကမ်ရွာအနီးရှိ ရွှေတူးဖော်တဲ့ လုပ်ကွက်တစ်ခုမှာ မြေပြိုလို့ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၇ ရက် နေ့လယ် ၁ နာရီခွဲဝန်းကျင်မှာ နမ့်ဖျော့ချောင်းအနီးက ရွှေတူးတဲ့ နေရာတစ်ခုမှာ မြေပြိုခဲ့တယ်လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။
“ရွှေတူးရင်း မြေပြိုတော့ သူ့ကို ပိမိသွားတာ။ ဆေးရုံ သွားပေမဲ့ ဆေးရုံက မနိုင်လို့ အိမ်ပြန်လာလိုက်တာ။ အိမ်မှာပဲ ဆုံးသွားတာ။ အဲဒီမှာ(ရွှေ တူးရာနေရာ)ကတော့ သူတို့က ကိုယ့်သဘောနဲ့ကိုယ် ကိုယ်ထူကိုယ်ထ သွားတူးကြတာပေါ့”
မြေပြိုမှုကြောင့် လုံကမ်ရွာမှာ နေထိုင်တဲ့ အသက် ၁၈ နှစ်အရွယ် လွေးအေးထွေး သေဆုံးခဲ့ပြီး ဒဏ်ရာရခဲ့တဲ့ အမျိုးသမီး ၂ ဦးကတော့ ကုသမှု ခံယူနေတယ်လို့ သိရပါတယ်။
အလားတူ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်လ ၈ ရက် မနက် ၁၁ နာရီဝန်းကျင်မှာလည်း မိုင်းယုလေးရွာအနီး ဂျုံနောရွာက ရွှေတူးတဲ့ နေရာတစ်ခုမှာ မြေစာပုံ ပြိုကျခဲ့ရာ အသက် ၁၃ နှစ်အရွယ် မိုင်းညီဟိန်းဆိုသူ သေဆုံးခဲ့ဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။